မင်းဇော်မင်း
.
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်
မေလ ၁၀ ရက်၊ နေ့လယ်ပိုင်းက ကျိုင်းတုံ မြို့ရှိ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ရွှေတြိဂံရိပ်သာ
ဧည့်ခန်း မဆောင်၌ အထူးဒေသ (၄) မိုင်းလား (NDAA)၊ အထူးဒေသ (၂) “ဝ” (UWSA) တာဝန်ရှိသူများအား
သီးခြားစီ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
.
![]() |
Photo - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး |
.
ထိုသို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်က မိုင်းလားဒေသတွင် ဆရာဝန် လိုအပ်ချက် ရှိသည်ဟု ကြားသိရကြောင်း၊ အရပ်ဘက်ဆရာဝန်များ
လုံလောက်မှု မရှိပါက တပ်မတော် ဆေးအဖွဲ့များ စေလွှတ်ပေးမည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် ကန့်သတ် ချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
ဒေသတွင်း အခြေခံထွက်ကုန်များ ထွက်ရှိအောင် အစုအဖွဲ့ဖြင့် ဆောင်ရွက်ခြင်းမဟုတ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို
တတ်နိုင်သမျှ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပုံမှန် အားဖြင့် ဇွန်လတွင် စာသင်ကျောင်းများ
ပြန်လည်ဖွင့်လှစ်ရမည်ဖြစ်ရာ အကယ်၍ ရောဂါဖြစ်ပွားမှု အခြေအနေအရ ကျောင်းများဖွင့်လှစ်ရန်
အခက်အခဲရှိပါက ဒေသတွင်းရှိ ကျောင်းသား/သူများအား သတ်မှတ်အကွာအဝေးဖြင့် ဆရာ/ ဆရာမတစ်ဦးလျှင်
ကျောင်းသား ၁၀ ဦးနှုန်းဖြင့် သင်ကြားပေးစေလိုကြောင်း၊ မြန်မာစာ၊ မြန်မာစကားနှင့် ဗုဒ္ဓဘာသာ
ယဉ်ကျေးမှု သင်တန်းများကို သင်ကြားပေးနိုင်ကြောင်း၊ နယ်စပ်ဒေသများမှ ဝင်ရောက်လာပြီး
Quarantine ထားရှိသူ များ၏ အချက်အလက် မှတ်တမ်းများကို မှန်ကန်အောင် စစ်ဆေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
ဆေးအကာအကွယ် ပေးခြင်းလုပ်ငန်းများအတွက် တပ်မတော်ဆေးအဖွဲ့များ စေလွှတ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊
စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်ပါက ကျိုင်းတုံတွင် စစ်ဆေးနိုင်ရန် တပ်မတော်မှ ဆောင်ရွက်ပေးထားကြောင်း
ပြောဆိုခဲ့သည်။
ထို့နောက် NDAA (မိုင်းလား) နှင့် UWSA “ဝ” အဖွဲ့များက မိမိတို့
ဒေသတွင်း၌ COVID-19 ရောဂါ ဖြစ်ပွားမှု မရှိ သေးကြောင်းနှင့် ဖြစ်ပေါ်လာပါက ဆေးရုံ၊
ဆေးခန်းများကို အသင့်ပြင်ဆင်ထားရှိပါကြောင်း၊ စစ်ဆေးရေးအဖွဲ့ များလည်း ဖွဲ့စည်း၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊
နယ်စပ်ဝင်ပေါက်များကို ဇန်နဝါရီလကတည်းက ပိတ်ပင်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ပြောဆိုခဲ့ကြသည်။
.
ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က NDAA (မိုင်းလား) အဖွဲ့နှင့် UWSA (ဝ) အဖွဲ့တို့အတွက် တစ်ဖွဲ့လျှင် PPE) ဝတ်စုံ
၅၀၀ စုံ၊ Surgical Masks ၁၀၀၀၀ ခု၊ Goggles ၁၀၀ ခု၊ Surgical Gloves ၁၀၀၀
ခု၊ Bleaching Powder ၂ ပုံး၊ Non-Contact Thermometer ၅၀ ခု၊ Hand Gel ၂၅၀ ဘူးနှင့်
N 95 Mask ၅၀၀ ခု၊ စားသောက်ဖွယ်ရာများအား အသီးသီးထောက်ပံ့ပေးအပ်ရာ
NDAA (မိုင်းလား) အဖွဲ့နှင့် UWSA (ဝ) အဖွဲ့တို့က လက်ခံရယူခဲ့ကြသည်။
.
အဆိုပါ တွေ့ဆုံမှုကို NDAA (မိုင်းလား)အဖွဲ့မှ ဥက္ကဋ္ဌ ဦးစိုင်းလင်းနှင့်
အဖွဲ့ဝင်များ၊ UWSA (ဝ) အဖွဲ့မှ ဦးညီကပ်နှင့်
အဖွဲ့ဝင်များ၊ တက်ရောက်ခဲ့ကြောင်း သိရသည်။
.