ကိုကိုနိုင် (မိုင်းယု)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) နမ့်ပန်းဒေသတွင် Quarantine
၂၁ ရက် ဝင်ရောက်ခဲ့ပြီးသူ မြန်မာလုပ်သား ၂၁၂ ဦးတို့အား မေလ ၁၆ ရက်၊ နံနက်ပိုင်းက မိုင်းယု-ကျိန်းယန်းတံတားမှတစ်ဆင့်
နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။
.
.
အဆိုပါ နေရပ်ပြန် မြန်မာအလုပ်သမားများအား မေလ ၁၆ ရက်၊ နံနက်ပိုင်းက
မိုင်းယု-ကျိန်းယဲန်းတံတားပေါ်တွင် အထူးဒေသ(၄)၊ နမ့်ပန်းဒေသရဲတပ်အဖွဲ့မှ ရဲမှူး ချစ်ဆွေ
ဦးဆောင်သည့်အဖွဲ့တို့မှ လာရောက်လွှဲပြောင်းပေးအပ်ရာ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ရဲနိုင်အောင်၊
မိုင်းယောင်းမြို့နယ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးညီညီဝင်း၊ မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးတို့က လက်ခံကြိုဆို ခဲ့ကြသည်။
ယင်းနေရပ်ပြန် ရွှေ့ပြောင်းလုပ်သားများမှာ နေပြည်တော်ကောင်စီနယ်မြေ၊
ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ၊ မကွေးတိုင်းဒေသ၊ မန္တလေးတိုင်းဒေသ၊ ဧရာဝတီတိုင်းဒေသ၊
ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ ကျား ၁၃၇ ဦး၊ မ ၇၅ ဦး စုစုပေါင်း ၂၁၂ ဦးဖြစ်ပြီး
မိုင်းယုတွင် တတိယအကြိမ် လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့နောက် နေရပ်ပြန် အလုပ်သမားများအား မိုင်းယုမြို့၊ မြို့မရပ်ကွက်
အားကစားကွင်းတွင် မိုင်းယောင်းမြို့နယ် ပြည်နယ်လွှတ်ကိုယ်စားလှယ်၊ ခရိုင်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအဖွဲ့ဝင်များ၊ စစ်ဖက်ဆိုင်ရာအဖွဲ့များ၊
မြန်မာနိုင်ငံကြက်ခြေနီအသင်းအဖွဲ့များ၊ လူမှုကူညီရေး အသင်းအဖွဲ့များက လူဦးရေစာရင်းကောက်ယူခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အစားအသောက်များ ဝေငှပေးခြင်း၊
သတ်မှတ်လိုင်းကားများ စီးနင်နိုင်ရန်စီစဉ်ပေးခြင်းများပြုလုပ်၍ မိုင်းယုမြို့မှတစ်ဆင့် မိုင်းယောင်းမြို့သို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း
သိရသည်။
.
တရုတ်နိုင်ငံတွင် ရရာအလုပ်ကို လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းလုပ်သားများသည်
COVID-19 ရောဂါ အခြေအနေ များကြောင့် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာရာတွင် နယ်စပ်ဒေသ
မိုင်းယုမြို့သို့ မေလ ၁၆ ရက်နေ့အထိ
Quarantine ၂၁ ရက် ဝင်ရောက်ပြီးသော နေရပ်ပြန် မြန်မာအလုပ်သမား စုစုပေါင်း ၁၄၁၀
ဦးထိ ဝင်ရောက်လာခဲ့ပြီး ၎င်းတို့ကို နယ်စပ်ဒေသ မိုင်းယုမြို့မှတစ်ဆင့် သက်ဆိုင်ရာ နေရပ်အသီးသီးသို့
ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
.