စိုင်းအောင်ဇော်လင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်မှ ထွက်ရှိသည့် ဍရင်ကောက်ညွန့်များ
ဝယ်ယူသူများပြားသည့်အတွက် ဈေးကောင်းရနေကြောင်း ဍရင်ကောက်ညွန့် စိုက်ပျိုးသူနှင့် ရောင်းဝယ်သူများထံမှ
သိရသည်။
.
.
အဆိုပါ ဍရင်ကောက်ပင်များသည် တောတောင်များနှင့် ယာမြေများ၌ အလေ့ကျ
ပေါက်ရောက်သည့်အပြင် နေအိမ် ခြံဝန်းများတွင်လည်း စိုက်ပျိုးနိုင်ပြီး ၃ လ မှ ၄ လအတွင်း
အညွန့် ဆွတ်ခူးရရှိကြောင်း သိရသည်။
“လက်ရှိ ဍရင်ကောက်ညွန့် တစ်စည်း ကျပ် ၂၀၀ ရောင်းရတာ ဝယ်တဲ့သူကလည်း
ရာသီစာအဖြစ် ဝယ်တယ်။ အလှူပွဲ တွေမှာ ဟင်းအဖြစ်သုံးတယ်။ အရင်နှစ်ကတော့ တစ်စည်းကို ၁၀၀
လောက်ပဲရောင်းရတယ်။ ဒီနှစ် ဈေးကောင်းရနေ ပါတယ်” ဟု မိုင်းယောင်းမြို့နေ ဍရင်ကောက်ညွန့်
ရောင်းဝယ်သူတစ်ဦးက ပြောသည်။
.
မိုင်းယောင်းဒေသထွက် ဍရင်ကောက်ညွန့်များသည် မိုးရာသီနှင့် ဆောင်းရာသီတွင်
ပေါများစွာ ဆွတ်ခူးရရှိပြီး အလှူပွဲများ၌ ပုစွန်ခြောက် အမှုန့်ဖြင့် ရောနှယ်ကာ မြေပဲဆီမွှေးမွှေးဖြင့်
အသားဟင်းတစ်မျိုးအဖြစ် အခြား ဆန်ဟင်းချို သို့မဟုတ် ငရုတ်သီးကြော်တို့ဖြင့် ထမင်းပွဲအတွက်
ဧည့်ခံကျွေးမွေးကြသဖြင့် အလှူပွဲလမ်း ပေါများချိန် များတွင် အရောင်းအဝယ်သွက်ကြောင်း
သိရသည်။
.
“ဍရင်ကောက်ညွန့်ကို အသားဟင်းနဲ့ ရောပြီးချက်စားတယ်။ မန်ကျည်းသီးမှည့်
ဒါမှမဟုတ် အချဉ်ဓါတ် နည်းနည်း ထည့်လိုက်တော့ မအီတော့ဘူး။ အသားခြောက်နဲ့ ချက်စားတယ်။
ရာသီစာပါပဲ။ ဒီမှာက ဍရင်ကောက်ညွန့် တစ်စည်း ကို ၁၅၀-၂၀၀ ကျပ် ပေးဝယ်ရတယ်” ဟု မိုင်းယောင်းဒေသခံ
အိမ်ရှင်မတစ်ဦးက ပြောသည်။
.
မိုင်းယောင်းဒေသထွက် ဍရင်ကောက်ညွန့်များကို တာချီလိတ်၊ မိုင်းဖြတ်၊
ကျိုင်းတုံမှ ဆစ်ဆောင်ပန်းနား ဒေသများ အထိ ပို့ဆောင်ရောင်းချရကြောင်း သိရသည်။
.