တရုတ်နိုင်ငံ၊ ဆစ်ဆောင်ပန်းနားပြည်နယ်မှ ပြန်လာသူ ၄၉၉ ဦးကို နေရပ်ပြန်ပို့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, May 25, 2020

တရုတ်နိုင်ငံ၊ ဆစ်ဆောင်ပန်းနားပြည်နယ်မှ ပြန်လာသူ ၄၉၉ ဦးကို နေရပ်ပြန်ပို့

မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယန်းမြို့တွင် ယနေ့ မေလ ၂၅ ရက်၊ နံနက်ပိုင်းက တရုတ်နိုင်ငံ၊ ဆစ်ဆောင်ပန်းနား ပြည်နယ်မှ ပြန်လည်ဝင်ရောက်လာသူ နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သား ၄၉၉ ဦးအား လက်ခံဆောင်ရွက်ခဲ့ပြီး နေရပ်ပြန်နိုင်ရေးအတွက် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
.
 
.
အဆိုပါ နေရပ်ပြန် မြန်မာ‌ရွှေ့ပြောင်းလုပ်သား ၄၉၉ ဦးသည် အထူးဒေသ (၄) မိုင်းလားတွင် ၂၁ ရက်ကြာ Quarantine ဝင်ရောက်ခဲ့ပြီးသူများဖြစ်ကြောင်း သိရသည်။
.
၎င်းတို့သည် မေလ ၂ ရက် တွင် တရုတ်နိုင်ငံမှ မိုင်းလား၊ အထူးဒေသ(၄)သို့ ပြန်လည်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကာ မိုင်းလားတွင် မေလ ၃ ရက်မှစတင်၍ COVID-19 ရောဂါ ကျန်းမာရေးစောင့်ကြည့် အချိန်ကာလ ၂၁ ရက် နေထိုင်ခဲ့ကြ ပြီးနောက် မိုင်းယန်းသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်းသိရသည်။
.
အဆိုပါ ပြည်ပပြန် ၄၉၉ ဦးတွင် ဧရာဝတီတိုင်းဒေသကြီးမှ ၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၃ ဦး၊ နေပြည်တော်မှ ၁ ဦး၊ ရခိုင်ပြည်နယ်မှ ၃၈၆ ဦး၊ ရှမ်းပြည်နယ် မှ ၄၁ ဦး၊  မန္တလေးတိုင်းဒေသကြီးမှ ၂ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၅ ဦး၊ ကချင်ပြည်နယ်မှ ၁ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၅၄ ဦးနှင့် ပဲခူးတိုင်းဒေသကြီးမှ ၅ ဦးတို့ ပါဝင်ပြီး ကျား ၃၁၀ ဦး၊ မ ၁၇၂ ဦးဖြစ်ကာ ကိုယ်ဝန်ဆောင် ၁၂ ဦး၊ ကလေးငယ် ၃ ဦး၊ ကလေးမိခင် ၂ ဦးတို့ ပါဝင်ကြောင်း သိရှိရသည်။
.
၄င်းပြည်ပပြန်များကို မိုင်းယန်းမှ တောင်ကြီးအထိ ၁၂ ဘီး ကား ၉ စီးဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ်မှ ပြည်ပပြန် ၃၅ ဦးအတွက် ကျိုင်းတုံအထိ ကားငယ် ၄ စီးဖြင့်လည်းကောင်း ပို့ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
.
“ပြည်ပပြန်တွေက မိုင်းလား၊ ဆီလူး၊ နမ့်ပန်နဲ့တရုတ်နိုင်ငံတွေက ပြန်လာကြတာဖြစ်ပါတယ်။ သူတို့အတွက် နံနက်စာပါ တစ်ပါတည်း ကျွေးမွေးလိုက်မှာဖြစ်ပါတယ်။ ကျိုင်းတုံသမားတွေကိုတော့ ညစာပါ ထည့်ပေးလိုက်ပါတယ်။ မိုင်းလားမှာ ၂၁ ရက်  Facility Quarantine ဝင်ပြီးလက်မှတ်ပါလာပြီးဖြစ်လို့ ဒီမှာထပ်မပေးတော့ပေမဲ့ ကျန်းမာရေး တိုင်းတာချက်တော့ ထပ်မံလုပ်ဆောင်ပါတယ်။ နောက်ထပ်လာမယ့် စာရင်းတော့ ပေးပို့လာတာ မရှိသေးပါဘူး” ဟု မိုင်းယန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြည်ပပြန်များကို မိုင်းယန်း- မိုင်းခတ်-ကျိုင်းတုံလမ်းကြောင်းမှ မော်တော်ယာဉ်များကို စီစဉ်ကာ ပို့ဆောင်ပေးနေခြင်း ဖြစ်ပြီး ကျိုင်းတုံအားကစားခန်းမဆောင်တွင် ခေတ္တရပ်နား၍ တောင်ကြီးသို့ဆက်လက်ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
“ဒီမှာက ကိုယ်ရေးအချက်အလက်တွေကအစ အားလုံး တိုက်ဆိုင်စစ်ဆေးတယ်။ ဒေသအတူတူတွေ ကားအဆင်ပြေ အောင် ဆောင်ရွက်ပေးပြီး လုံခြုံရေးလဲ ကျိုင်းတုံအထိ လုပ်ဆောင်ပေးပါတယ်” ဟု မိုင်းယန်းမြို့မရဲစခန်းမှူး ဒုရဲမှူး ကိုကိုဇော်က ပြောသည်။
.
မိုင်းလား၊ အထူးဒေသ(၄)မှ တဆင့် တရုတ်နိုင်ငံမှ မိုင်းယန်းသို့ ပြန်လာသည့် ပြည်ပပြန်များမှာ (၇) ကြိမ်ရှိပြီဖြစ်ပြီး ဦးရေအားဖြင့် ၂၆၆၃ ဦး ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About