မင်းဇော်မင်း
.
COVID-19 ကပ်ရောဂါ စတင်ကူးစက်ပြန့်ပွားရာ တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊
ဝူဟန်မြို့ရှိ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသည့် မြန်မာနိုင်ငံသားများတွင် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်းနေထိုင်သူ
အများဆုံး ပါဝင်နေ ကြောင်း မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရသည်။
.
.
“အားလုံး ၂၄၃ ယောက်မှာ ၂ ယောက်က ဖျားနေလို့ ပြန်ခေါ်သွားတယ်။ မူဆယ်မှာ
ခေတ္တအနေနဲ့ Quarantine ထားရှိ ပေမဲ့ ၂၁ ရက်တော့ မဟုတ်ပါဘူး။ သူတို့ကို တရုတ်နိုင်ငံက
၃ လပြည့် စောင့်ကြည့်ပြီးတဲ့ အထောက်အထား စာရွက် စာတမ်းတွေ ပါပါတယ်။ သက်ဆိုင်ရာ မြို့တွေကို
ဆက်လက်ပို့ဆောင်သွားမှာဖြစ်ပါတယ်” ဟု မူဆယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး
ဦးမောင်မောင်သန်းက ပြောသည်။
မူဆယ်ရှိ COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီမှ တရုတ်နိုင်ငံပြန်များကို
စိစစ်၍ပြန်လည် လက်ခံလျက်ရှိရာ မေလ ၇ ရက်က ပြန်လည်လက်ခံသည့် လူဦးရေ ၂၆၀ ဦးတွင် ကျား
၁၇၁ ဦး၊ မ ၇၀ ဦး၊ စုစုပေါင်း ၂၄၁ ဦးမှာ COVID-19
စတင် ဖြစ်ပွားရာ တရုတ်နိုင်ငံ ၊ ဟူပေပြည်နယ်၊ ဟိုနန့်ဒေသ၊ ဝူဟန်မြို့ရှိအကျဉ်းထောင်မှလွတ်လာသူများ
ဖြစ်ကြောင်း သိရသည်။
.
၎င်းတို့အနက် ၁၂၆ ဦးမှာ ရှမ်းပြည်နယ်မြောက်ပိုင်းမြို့များဖြစ်သည့်
ကွတ်ခိုင်၊ ကျောက်မဲ၊ နမ့်ခမ်း၊ မိုင်းလုံ၊ နောင်ချို၊ မန်တုံ၊ မိုးမိတ်၊ လားရှိုး၊
လောက်ကိုင်၊ မူဆယ်၊ နမ့်ဆန်မြို့များမှ အများဆုံးဖြစ်ပြီး ကျန်သူများမှာ ရန်ကုန်တိုင်းဒေသကြီး၊
ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊
ချင်းပြည်နယ် စသည့်ဒေသများမှ ဖြစ်ကြောင်း သိရသည်။
.
လက်ရှိတွင် ၎င်းတို့ကို မူဆယ်မြို့ပေါ် Quarantine စင်တာများဖြစ်သည့်
တရုတ်ဘုံကျောင်းတွင် အမျိုးသားများကို လည်းကောင်း၊ အထက (၃)တွင် အမျိုးသမီးများကိုလည်းကောင်း
ခွဲခြား၍ ထားရှိကာ ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး သက်ဆိုင်ရာ
နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.