မိုင်းဆတ်-တာချီလိတ်လမ်း၊ လွယ်ဆမ်ဆုံတောင်အဆင်းတွင် မော်တော်ယာဉ် တိမ်းမှောက်၍ ၁၀ ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, May 26, 2020

မိုင်းဆတ်-တာချီလိတ်လမ်း၊ လွယ်ဆမ်ဆုံတောင်အဆင်းတွင် မော်တော်ယာဉ် တိမ်းမှောက်၍ ၁၀ ဦး သေဆုံး


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ မိုင်းဆတ်-တာချီလိတ်ကားလမ်း၊ လွယ်ဆမ်ဆုံတောင်အဆင်း ပါခါးကျေးရွာ အနီးတွင် ယနေ့ မေလ ၂၆ ရက်၊ နံနက်ပိုင်းက လမ်းလုပ်သားများ လိုက်ပါစီးနင်းလာသည့် မော်တော်ယာဉ် တိမ်းမှောက်၍ လုပ်သား ၁၀ ဦး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
 
.
လမ်းလုပ်သား ဇေယျာဦး မောင်းနှင်သည့် တစ်လုံးထိုး အပြာရောင် မြေသယ်ယာဉ်သည် မေလ ၂၆ ရက်၊ နံနက် ၉ နာရီခန့်က မိုင်းဆတ်-တာချီလိတ်လမ်းအတိုင်း မောင်းနှင်လာစဉ် လွယ်ဆမ်ဆုံတောင်အဆင်း မိုင်တိုင်အမှတ် ၃၀ ဒသမ ၅ ကီလိုမီတာနှင့် ၃၁ ဒသမ ၀ ကီလိုမီတာအကြား၊ ပါခါးကျေးရွာအနီးအရောက်တွင် ဂီယာချို့ယွင်းပြီး လမ်း၏ ယာဘက် ပေ ၂၀၀ ခန့်အနက်ရှိ ချောက်ထဲသို့ ထိုးကျသဖြင့် ယာဉ်ပေါ်ပါ လမ်းလုပ်သား ကျား ၉ ဦးနှင့် မ ၁၀ ဦး အနက် ကျား ၃ ဦးနှင့် မ ၆ ဦးတို့သည် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများအား မိုင်းဆတ်ပြည်သူ့ ဆေရုံသို့ ပို့ဆောင်စဉ် မ တစ်ဦး ထပ်မံသေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သေဆုံးသူများမှာ မိုင်းဆတ်မြို့နယ်၊ နောင်ဖာကျေးရွာနေ မောင်ဇော်လင်းဦး (၁၄ နှစ်)၊ မောင်ငတူး (၁၄ နှစ်)၊ မဇင်မျိုးထွန်း (၂၆ နှစ်)၊ မငယ် (ခ) မခင်ဖြိုးဝေ (၂၉ နှစ်)၊ မငယ်ကြီး (၄၃ နှစ်)၊ မဘုတ်ကြီး (၄၃ နှစ်)၊ ကာနကျေးရွာ နေ မလေးလေးမြင့် (၄၃ နှစ်)၊ မစန်းထွေး (၃၁ နှစ်)၊ သာစည်မြို့နယ်နေ မမွန်မွန်အေး (၂၆ နှစ်) နှင့် မြစ်ကြီးနား မြို့နယ်နေ မောင်မျိုးကျော်လွင် (၃၈ နှစ်) တို့ ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် မိုင်းဆတ်မြို့နယ်၊ နောင်ဖာကျေးရွာနေ မသူဇာ (၁၅ နှစ်)တွင် ယာခြေဖမိုး စုတ်ပြဲ၊ တင်ပဆုံနာကျင်၊ မောင်ဝင်းမင်း အောင်(၁၉ နှစ်) တွင် ခါးရိုးကျိုး၊ မောင်ဖိုးသောကြာ (၁၈ နှစ်)တွင် နဖူးပေါက်ပြဲ၊ မောင်စောဖိုးခွား (၁၇ နှစ်)တွင် ယာလက်ပွန်းပဲ့ဒဏ်ရာ၊ ကာနကျေးရွာနေ မနန်းဝင်းအေး (၂၆ နှစ်) တွင် ခါးရိုးကျိုး၊ မသဲစု (၁၅ နှစ်) တွင် လက်နှစ်ဖက်ကျိုး၊ ယာခြေကျိုး၊ မောင်ဟိန်းထက်ဆွေ (၂၃ နှစ်) တွင် ဆီးခုံရိုးကျိုး၊ မောင်ဖိုးသား (၁၉ နှစ်) တွင် ခါးဆစ်လွဲနှင့် သာစည်မြို့နယ်နေ ယာဉ်မောင်း ဇေယျာဦး (၂၆ နှစ်) တွင် ဝဲလက်ဖျံရိုး ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် မိုင်းဆတ်မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
.
အဆိုပါ ယာဉ်တိမ်းမှောက်မှုမှ ယာဉ်မဆင်မခြင်မောင်းနှင်းသူ  သာစည်မြို့နယ်၊ လှိုင်းတက်ကျေးရွာနေသူ ဇေယျာဦး (၂၆ နှစ်) အား မိုင်းတွမ်းနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About