မူဆယ်တွင် ငွေကျပ်သိန်းပေါင်း ၆၀၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား သယ်ဆောင်လာသူများနှင့်အတူ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မူဆယ်တွင် ငွေကျပ်သိန်းပေါင်း ၆၀၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား သယ်ဆောင်လာသူများနှင့်အတူ ဖမ်းမိ


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်တွင် မေလ ၁၇ ရက်က ငွေကျပ် သိန်းပေါင်း ၆၀၀၀ ခန့် တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများအား သယ်ဆောင်လာသူများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး မှ သတင်းထုတ်ပြန်ထားသည်။
.
 
.
မူဆယ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် မေလ ၁၇ ရက်၊ နံနက် ၆ နာရီခန့်က မူဆယ်မြို့၊ ရထိုက်လမ်းဆုံတွင် စောင့်ဆိုင်းနေစဉ် မူဆယ်မြို့နေ စိုးလှိုင် မောင်းနှင်ပြီး မင်းထက်ကျော်လင်း လိုက်ပါစီးနင်းလာသည့် CANDA-125  အမျိုးအစား မော်တော်ဆိုင်ကယ်အမျိုးအစားအား ရပ်တန့်စစ်ဆေးရာ ၎င်းတို့ ၂ ဦးကြားတွင် သယ်ဆောင်လာသည့် အဝါရောင်ပီနံအိတ်အတွင်းမှ WY စာတမ်းပါစိတ်ကြွရူးသွပ်ဆေးပြား  ၁၂၀၀၀၀ ပြား၊ ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၂၄၀၀ ခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး စိုးလှိုင် အား စစ်ဆေးမေးမြန်းချက်အရ မူးယစ်ဆေးဝါးများ ပို့ခိုင်းသူမှာ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ နယ်မြေ (၁၆)နေ မောင်မောင်တူး ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်း၏နေအိမ်အား သွား‌ရောက်စစ်ဆေးရာ မောင်မောင်တူးအား ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးများအား ရှာဖွေ တွေ့ရှိခြင်းမရှိခဲ့ဘဲ မောင်မောင်တူးအား မေးမြန်းချက်အရ မူးယစ်ဆေးဝါးများအား စိုးလှိုင်၏ နေအိမ်သို့ ပို့ဆောင်ထားကြောင်း သိရှိရသဖြင့် ပူးပေါင်းအဖွဲ့က စိုးလှိုင်၏ နေအိမ်အား နေ့လယ် ၁ နာရီ ၂၀ မိနစ်ခန့်တွင် ထပ်မံရှာဖွေခဲ့ရာ နေအိမ်အိပ်ခန်းအတွင်း စက္ကူဂျပ်ဖာဖြင့် ထည့်ပိုးထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀၀၀ ပြား၊ ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်းပေါင်း ၃၆၀၀ ခန့်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိသူ ၃ ဦးနှင့် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး တန်ဖိုးငွေကျပ်သိန်းပေါင်း ၆၀၀၀ ခန့်အား မူဆယ်မြို့ရှိ မူးယစ်တပ်ဖွဲ့စုသို့လွှဲပြောင်းအပ်နှံ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.

Journal Download

Photo of three cats