မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ပေါ်ရှိ လူနေအိမ်တစ်လုံးနှင့်
တိမ်းမှောက်နေသည့် မော်တော်ယာဉ်တစ်စီး ပေါ်မှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေလ ၂၀ ရက်တွင် သတင်းထုတ်ပြန် ကြေညာထားသည်။
.
.
မူဆယ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည်
မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်နေ ဦးစိုင်းထွန်းလူ၏ နေအိမ်အား မေလ ၂၀ ရက်၊ နံနက် ၁
နာရီခွဲခန့်တွင် သတင်းအရ ဝင်ရောက်ရှာဖွေရာ အိပ်ခန်း အတွင်းမှ ဘာရက်တာပစ္စတို ၁ လက်၊
၎င်းကျည်အိမ် ၂ ခု၊ ၉ မမကျည် ၁၀၀ တောင့်၊ စက်လတ် (ဘောက်ဝိုင်းပါ) ၁ လက်၊ အမ်- ၂၂ ကျည်
၈၇ တောင့်၊ ကြိုးဆွဲလက်ပစ်ဗုံး ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ ပူးပေါင်းအဖွဲ့သည် ယင်းနေ့ နံနက် ၂ နာရီ ၁၅ မိနစ်ခန့်တွင်
ဟိုမွန်ရပ်ကွက်၊ မင်္ဂလာမူဆယ်လမ်းမကြီးပေါ်၌ ကားဘီးပေါက်၍ လမ်း၏ ဝဲဘက်တွင် တိမ်းမှောက်လျက်ရှိသော
MARK-II အမျိုးအစား ယာဉ်အားတွေ့ရှိသဖြင့် စစ်ဆေးရာ
ယာဉ်မောင်းအားတွေ့ရှိခြင်းမရှိဘဲ ယာဉ်၏ နောက်ဖုံးအတွင်းမှ ပါရိသေနတ် ၁ လက်၊ ဖိုက်ဘာကျည်အိမ်
၁ ခု၊ ၎င်းကျည် ၂၅ တောင့်နှင့် ပွိုင့်- ၂၂အရှည် (တစ်တောင့်ထိုး)သေနတ် ၁ လက်တို့အား
တွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိသူ၊ လက်နက်၊ ခဲယမ်းများနှင့် မော်တော်ယာဉ်တို့အား
မူဆယ်မြို့မရဲစခန်းသို့စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.