မူဆယ်တွင် လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, May 27, 2020

မူဆယ်တွင် လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ

စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်တွင် မေလ ၂၆ ရက်၊ ညနေပိုင်းက လက်ပစ်ဗုံးများ အပါအဝင် လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။
.
 
.
မူဆယ်မြို့တွင် လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် မေလ ၂၆ ရက်၊ ညနေ ၄ နာရီခန့်က မူဆယ်မြို့၊ ကံ့ကော်အဝိုင်း မီးပွိုင့်လမ်းဆုံနေရာတွင် ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်နေစဉ် ကောင်းမှုတုံရပ်ကွက်ဘက်မှ မူဆယ် မြို့တွင်းသို့ မောင်းနှင်လာသည့် Harrier အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ ယာဉ် ပေါ်တွင် လက်ပစ်ဗုံး ၄ လုံးအား ယာဉ်မောင်း ဝင်းဇော်ပိုင်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး ၎င်းအား စစ်ဆေးမေးမြန်းချက်အရ မော်တော်ယာဉ်မှာ ၎င်း၏ ဖခင်ဖြစ်သူ ဦးယိုင်တင် ပိုင်ဆိုင်ခြင်း ဖြစ်ကြောင်း သိရသဖြင့် ဦးယိုင်တင် နေထိုင်သည့် Moon Light KTV ဆိုင်သို့ သွားရောက်စစ်ဆေးရာ ၎င်းအား တွေ့ရှိရခြင်း မရှိဘဲ ၎င်းနေထိုင်သော အိပ်ခန်းအတွင်းရှိ သံဘီရိုအတွင်းမှ ပစ္စတိုသေနတ် ၂ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ၉ မမ ကျည် ၁၀ တောင့်၊ ပွိုင့်-၃၈ ကျည် ၈ တောင့်၊ အမ်-၂၂ ကျည် ၃၂ တောင့်၊ စက်လက်ကျည် ခါးပတ်တွဲအတို ၁ ခု၊ လက်ပစ်ဗုံးဖြူးစ် ၂ ခုနှင့် လမ်းလျှောက်စကားပြောစက် ၁ လုံးတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိသူနှင့် ယာဉ်၊ လက်နက်ခဲယမ်းများကို မူဆယ်မြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဦးယိုင်တင်အား ဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About