မူဆယ်တွင် မိုင်း ၂ လုံး ပေါက်ကွဲ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, May 26, 2020

မူဆယ်တွင် မိုင်း ၂ လုံး ပေါက်ကွဲ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ မန့်ဝိန်းနယ်မြေ၊ အမှိုက်ပုံအနီးတွင် ယနေ့ မေလ ၂၆ ရက်၊ နေ့လယ်ပိုင်းက မိုင်း ၂ လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မူဆယ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းထံက သိရသည်။
.
 
.
“ဟုတ်ပါတယ်။ မြို့နယ်ရဲတပ်ဖွဲ့မှူးက အသံမိုင်း ၂ လုံး ကွဲတယ်လို့ ပြောတယ်။ ဆိုင်ကယ်နဲ့ လာပစ်တာလို့ ထင်တယ်။ ခရိုင်ကော်မရှင်လမ်းဘက်က အိမ်ခြံတွေက သီးခြားစီရှိတာ။ အထိအခိုက်အပျက်အစီး မရှိဘူးလို့ သိရတယ်” ဟု ဦးစိုင်း ကျော်သိန်းက ပြောသည်။
.
လက်ရှိတွင် မူဆယ်မြို့အဝင်အထွက်နေရာများနှင့် ရပ်ကွက်များအတွင်း တပ်မတော်နှင့် ပူးပေါင်းအဖွဲ့များက လိုက်လံ စစ်ဆေးနေလျက်ရှိကြောင်း ၎င်းထံက သိရသည်။
.
ထို့အတူ မူဆယ်မြို့ရှိ ဂရုဏာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌဖြစ်သူ ဦးသောင်းထွန်းကလည်း “အသံမိုင်း ၂ လုံး ပေါက်ကွဲ တာပါ။ ထိခိုက်ဒဏ်ရာရတဲ့သူ မရှိပါဘူး” ဟု ပြောဆိုခဲ့သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ မူဆယ်မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင်မူ တာဝန်ကျ ရဲဝန်ထမ်းက ၎င်းတို့ အနေဖြင့် ပြောပိုင်ခွင့်မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
.
မူဆယ်မြို့တွင် ပြီးခဲ့သည့် မေလ ၁၆ ရက်နှင့် ၂၂ ရက်က တရားမဝင် ဝင်ရောက်နေထိုင်သူ တရုတ်နိုင်ငံသား ၃၄ ဦးနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
.
အလားတူ ‌ယမန်နေ့ မေလ ၂၅ ရက်၊ နံနက်ပိုင်းကလည်း မူဆယ်မြို့၊ မန့်ဝိန်းဂိတ်အနီးတွင် ကျပ်သိန်း ၁၃၀၀ ကျော် တန်ဖိုးရှိ ဖောက်ခွဲရေးပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိခဲ့သည့် ဖောက်ခွဲရေးပစ္စည်းများမှာ Shock Tube Detonator များဖြစ်ပြီး ကာလတန်ဖိုး ကျပ် ၁၃၃၅၆၀၀၀၀ ကျပ် ရှိကာ မူဆယ်မြို့နယ်စပ် စစ်ဆေးရေး မန့်ဝိန်းဂိတ်တွင် မြန်မာဖက်ကလုံခြုံရေးပူးပေါင်းအဖွဲ့က တရုတ်နံပါတ်တပ်ဆင် ထားသည့် ကုန်တင်ကား မှ ယာဉ်မောင်းအား မသင်္ကာ၍ စစ်ဆေးကြည့်ရှုရာ ကားအတွင်း ဖောက်ခွဲရေး ပစ္စည်း Shock Tube Detonator ၉၅၄၀၀ ချောင်းကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်သည်ဟု သိရသည်။
.
မန့်ဝိန်းနယ်စပ်ဂိတ်ကို COVID-19 ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန် တရုတ်နိုင်ငံမှ ပိတ်ထားခဲ့ပြီး နောက် ပြီးခဲ့သည့် မေလ ၁၆ ရက် ကမှ ပြန်လည်၍ ကိုယ်စားယာဉ်မောင်းစနစ်ဖြင့်ဝင်ထွက်ခွင့်ပြန်လည်ရရှိလာရာမှ ယခုလို ဖောက်ခွဲပစ္စည်းများ ဖမ်းဆီးရမိခဲ့သည့် ဖြစ်ရပ်နှင့်ပတ်သက်၍ မေလ ၂၆ ရက်တွင် အဝင်/အထွက် ခေတ္တရပ်ဆိုင်းသွား ကြောင်း သိရပါသည်။
.
အဆိုပါပေါက်ကွဲနိုင်သည့် ပစ္စည်းများ မြန်မာနိုင်ငံအတွင်းသယ်ဆောင်ခိုင်းသူ၊ ပစ္စည်းပိုင်ရှင်တို့ကို စုံစမ်းဖော်ထုတ် နိုင်ရန် မူဆယ်မြို့မရဲစခန်းမှ  (ပ)၃၄၀/၂၀၂၀၊ လုပ်ငန်းခွင်သုံး ပေါက်ကွဲစေ တတ်သောပစ္စည်းဆိုင်ရာ ပုဒ်မ ၂၃ ဖြင့် အမှုဖွင့် ဆောင်ရွက်နေကြောင်း သိရှိရသည်။
.
ပြီးခဲ့သည့် မတ်လ ၂၉ ရက် ကလည်း မူဆယ်တွင် Shock Tube Detonator ၈၈၉၀၀ ချောင်းနှင့် Electric Detonator ၅၁၀၀ ချောင်းကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About