စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်အတွင်းရှိ မိုင်းဆတ်နှင့်
မိုင်းတုံမြို့နယ်များတွင် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး ကာလအတွင်း မြို့အဝင်/အထွက်အား
နေ့စဉ် ည ၇ နာရီမှ နံနက် ၇ နာရီအထိ ပိတ်ပင်ထားသော် လည်း ရပ်ဝေးမှ ဝင်ရောက်လာသူများကိုသာ
ရည်ရွယ်တားမြစ်ထားခြင်းဖြစ်ပြီး ဒေသခံများကို ဝင်ထွက်ခွင့်ပြုထား သည်ဟု မိုင်းဆတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
သိရသည်။
.
.
“နယ်စပ်နဲ့ တရားမဝင်လမ်းက အပေါက်တွေများနေတယ်။
ဖွင့်ထားတဲ့အခါကျရင် ညဘက်ကျတော့ မစိစစ်နိုင်တာပါ။ ဝင်လာပြီး မြို့ထဲမှာ နေထိုင်ပြီးတော့
ဒီရောဂါပိုး မရှိဘူးဆိုရင်တော့ ပြဿနာမရှိဘူး။ ရောဂါပိုးရှိလာရင် မထိန်းနိုင်မှာ စိုးလို့
လုပ်တာပါ။ ဒါပေမဲ့ တကယ်တမ်း လိုအပ်တဲ့သူတွေကတော့ သွားလာလို့ရတယ်။ မြို့ထဲကလူဖြစ်ပြီး
ထောက်ခံ စာ ပါတယ်ဆိုရင်တော့ ပေးဝင်တယ်။ အဓိကတော့ စာရွက်စာတမ်းမပါဘဲ ဖြတ်သန်းတဲ့သူတွေကို
တားထားတာပါ” ဟု မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး
ဦးနေမျိုးအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
အဆိုပါ တားမြစ်ကန့်သတ်ချက်ကို မေလကုန် သို့မဟုတ် ဗဟိုနှင့် ပြည်နယ်
COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ် တုံ့ပြန်ကုသရေးကော်မတီတို့မှ ညွှန်ကြားချက်ရရှိလာလျှင်
လည်းကောင်း၊ ဒေသအနေအထား အခြေအနေအရသော် လည်းကောင်း ဖြေလျှော့ပေးသွားရန်ရှိကြောင်း ၎င်းက
ဆက်လက်ပြောဆိုခဲ့သည်။
.
မိုင်းဆတ်နှင့် မိုင်းတုံမြို့များတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်
ညမထွက်ရအမိန့်များ ထုတ်ပြန် ခြင်းမပြုမီ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ အတည်ပြုဖြစ်ပွားသူ
စတင်တွေ့ရှိသည့် မတ်လ ၂၃ ရက် ကတည်းက မြို့အဝင်/ အထွက် ကန့်သတ်မိန့်ကို ထုတ်ပြန်တားမြစ်ထားခြင်းဖြစ်ပြီး
ယခုချိန်အထိ ဖြေလျှော့မှုမရှိသဖြင့် မြို့လူထု အပါအဝင် ခရီးသွားပြည်သူများအတွက် အခက်အခဲ
ဖြစ်ပေါ်နေရကြောင်း သိရသည်။
.
ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့်
ညမထွက်ရအမိန့်များကို ညစဉ် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ကန့်သတ်တားမြစ်ခဲ့ပြီး ယခုအခါ
ည ၁၂ နာရီမှ နံနက် ၄ နာရီသို့ ပြန်လည်ဖြေလျှော့ပေး ခဲ့ပြီးဖြစ်သော်လည်း မိုင်းဆတ်နှင့်
မိုင်းတုံမြို့များတွင် မြို့အဝင်/အထွက် ကန့်သတ်ချက်ကို ည ၇ နာရီမှ နံနက် ၇ နာရီ အထိ
ဆက်လက်ကန့်သတ်ထားခြင်းဖြစ်ကြောင်း သိရသည်။
.