မိုင်းပျဉ်းမြို့နယ်ဆရာဝန် မောင်းနှင်လာသော ဆေးရုံပိုင်မော်တော်ယာဉ်ပေါ်မှ ကျွန်းသစ်တံခါးချပ်များ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, May 27, 2020

မိုင်းပျဉ်းမြို့နယ်ဆရာဝန် မောင်းနှင်လာသော ဆေးရုံပိုင်မော်တော်ယာဉ်ပေါ်မှ ကျွန်းသစ်တံခါးချပ်များ ဖမ်းမိ


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်တွင် မေလ ၂၆ ရက်၊ ညပိုင်းက မိုင်းပျဉ်းမြို့နယ် ဆရာဝန် မောင်းနှင် လာသော ဆေးရုံပိုင် မော်တော်ယာဉ်ပေါ်မှ တရားမဝင် ကျွန်းသစ်တံခါးချပ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
Photo - U Nay Zaw
.
“မိုင်းပျဉ်းမြို့နယ် ဆရာဝန် ဒေါက်တာ စိုင်းစိုးဟိန်းပါ။ မိုင်းပျဉ်းဆေးရုံကားနဲ့ သယ်လာတာပါ။ အခုကတော့ စစ်ဆေးဆဲဖြစ်ပါတယ်။ ကျိုင်းတောင်းကနေ ပင်လုံကို သွားတာလို့ သိရပါတယ်။ ၂၀၁၈ ခုနှစ် သစ်တောဥပဒေ အရ အရေးယူသွားမှာပါ” ဟု သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည်ဟိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ခိုလမ်မြို့ဘက်မှ နမ့်စန်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် မေလ ၂၆ ရက်၊ ည ၁၁ နာရီခန့်က တာဝန်ရှိသူများမှ ဆေးရုံကား တစ်စီးကို ရပ်တန့်စစ်ဆေးရာ ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းပြေးသဖြင့် လွိုင်လင်ဘက် အထွက်ဂိတ်သို့ ဆက်လက်အကြောင်းကြားပြီး တားမြစ်စစ်ဆေးရာ ယာဉ်မောင်းသူမှာ မိုင်းပျဉ်းမြို့နယ် ဆရာဝန် ဒေါက်တာ စိုင်းစိုးဟိန်း ဖြစ်ပြီး ၎င်းမောင်းနှင်လာသော မိုင်းပျဉ်းဆေးရုံ ကားပေါ်တွင် ကျွန်းတံခါးရွက် ၉ ရွက်၊ အလေးချိန် ၀ ဒသမ ၅၄၆၀ တန်အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေ အခန်း (၁၀) ပုဒ်မ ၃၃၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) တွင် တစ်တန်ထက် မပိုသော ကျွန်းသစ်ကိုဖြစ်စေ၊ တားမြစ်သစ်ပင်မှ ထွက်ရှိသည့် တစ်တန်ထက်မပိုသော သစ်ကိုဖြစ်စေ ဖမ်းဆီးရမိလျှင် အနည်းဆုံး ကျပ်တစ်သိန်းမှ ကျပ်ငါးသိန်းအထိ ဒဏ်ကြေးငွေကို ပေးဆောင်စေပြီး သစ်များကို ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းရမည်ဟု ပြဋ္ဌာန်းဖော်ပြထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About