မိုင်းဆတ်တွင် Mask မတပ်ဆင်သူများ Mask ၁၀ ခု မဝယ်ယူပါက အချုပ်ကားပေါ်တွင် နာရီပိုင်း ချုပ်နှောင်ခံရမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းဆတ်တွင် Mask မတပ်ဆင်သူများ Mask ၁၀ ခု မဝယ်ယူပါက အချုပ်ကားပေါ်တွင် နာရီပိုင်း ချုပ်နှောင်ခံရမည်


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့၌ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း မြို့တွင်း သွားလာသူများ Mask တပ်ဆင်ထားခြင်း မရှိပါက ဒဏ်ပေးသည့်အနေဖြင့် Mask ၁၀ ခု ဝယ်ယူရမည် ဖြစ်ကာ Mask ဝယ်ယူခြင်း မရှိပါက အချုပ်ကားပေါ်တွင် နာရီပိုင်း ချုပ်နှောင်ခံရမည် ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ပြစ်ဒဏ်ပေးရေးအတွက် မိုင်းဆတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် မေလ ၁၅ ရက်၊ နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် ခရိုင် COVID-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး ညှိနှိုင်း အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

“ အခုက Mask မတပ်တဲ့ သူတွေ များလာတာကို ထိန်းတဲ့ သဘောပါ၊ အချုပ်ကား အားတဲ့အချိန် နာရီဝက်၊ တစ်နာရီလောက်ပေါ့၊ အချုပ်ကားနဲ့ လှည့်ထိန်းတဲ့သဘောပါ။ ကာကွယ်တဲ့အနေနဲ့ပေါ့။” ဟု အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် မိုင်းဆတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးအရာရှိ ဦးသန်းဇော်ဦးက ပြောသည်။
.
ပြစ်ဒဏ်အရ Mask ရောင်းချ၍ ရရှိသည့် ငွေများကို မြို့နယ် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
.
“ တစ်ရက်ကို Mask တစ်ခုလောက် မသုံးနိုင်ကြတဲ့ သူတွေ ရှိနေသလို မေးချိတ် နဖူးချိတ် တွေလည်း ရှိနေတယ်။ Mask တွေကို စျေးမတက်အောင်လည်း ထိန်းချုပ်ပေးဖို့ လိုပါမယ်။” ဟု မိုင်းဆတ်မြို့၊ မယ်ဆွမ်ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောသည်။
.
မိုင်းဆတ်မြို့၌ လက်ရှိတွင် Mask ၁၀ ခုအား ၄၀၀၀ ကျပ်ဖြင့် ဝယ်ယူနေရပြီး Mask မတပ်ဆင်ဘဲ သွားလာသူ များပြားနေလျက် ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats