ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် နေအိမ်ပြင်ပသို့
ထွက်လာသူများအား နှာခေါင်းစည်း (Mask) တပ်ဆင်ရန် မေလ ၁၂ ရက်က ပညာပေးစည်းရုံးလှုံ့ဆော်မှုများ
ပြုလုပ်ခဲ့ပြီး ပျက်ကွက်သူများကို ပထမအကြိမ်တွင် ခံဝန်ကတိ လက်မှတ် ရေးထိုးစေ၍ ဒုတိယအကြိမ်
ထပ်မံပျက်ကွက်ပါက ကူးစက်ရောဂါ ကာကွယ်ရေးဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရသည်။
.
.
“ကိုယ်နေတဲ့ ပတ်ဝန်းကျင်မှာ COVID-19 ပိုးကြောင့် သေသွားတာကို မမြင်ဖူးသေးတော့
ကြောက်ရကောင်းမှန်း မသိဘူး။ အိမ်ပြင်ကိုထွက်ရင် Mask တပ်ရမယ်။ လူ ၅ ယောက်ထည်းမပိုရ
ဆိုတဲ့ စည်းကမ်းကို လိုက်နာဖို့ ပျက်ကွက်နေတာ တွေ့ရလို့ ပညာပေးတစ်ရက် ပြီးတာနဲ့ ဒုတိယနေ့မှာ
ထပ်တွေ့ရင် ခံဝန်ကတိ လက်မှတ် ထိုးခိုင်းမယ်။ ဒါကိုမှ ထပ်ပြီးမလိုက်နာဘူးဆိုရင်တော့
ဥပဒေအရ အရေးယူမှာဖြစ်ပါတယ်” ဟု ကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
ထို့အတူ ကျိုင်းတုံမြို့တွင် ပရဟိတလှုပ်ရှားမှုများ ဆောင်ရွက်နေသော
ကိုအာကာထက်ကလည်း “ကျွန်တော်တို့ လူငယ်ပရဟိတအဖွဲ့က သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့အတူ မြို့မဈေးကြီး၊
ကျောက်တိုင်အအဝိုင်းပတ်၊ ယန်းခမ်း ကားဝင်းနဲ့ ပါလျှံမြို့ရိုးတံခါး နေရာတွေမှာ
Mask တပ်ဖို့ လှုံ့ဆော်ပညာပေးတာတွေနဲ့ Mask ဝေတဲ့ Campaign တွေ လုပ်ခဲ့ပါတယ်။ ပြောစရာရှိတာက
ကျန်းမာရေးဝန်ထမ်းတချို့တောင် လမ်းပေါ်ထွက်လာပြီး Mask မတပ်တာမျိုးက မဖြစ်သင့်ပါဘူး”
ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
ကျိုင်းတုံမြို့တွင် COVID-19 ကပ်ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများကို
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်နှင့်အညီ လေးစားလိုက်နာ ဆောင်ရွက်ကြရန် ပြည်သူများအား
သတိပေးချက်များ ထုတ်ပြန်ထား သော်လည်း လက်ရှိတွင် စည်းကမ်းလိုက်နာမှု အားနည်းနေကြောင်း
သိရသည်။
.