Mask မတပ်သည့် စျေးသည်များအား ဒဏ်ရိုက်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အကြံပြု - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

Mask မတပ်သည့် စျေးသည်များအား ဒဏ်ရိုက်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အကြံပြု


စုလှိုင်
.
နှာခေါင်းစည်း (Mask) မတပ်ဆင်သည့် ဈေးသည်များအား ဒဏ်ငွေရိုက်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အကြံပြု ပြောဆိုခဲ့သည်။
.

.
COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကာလအတွင်း စနစ်တကျ စီမံခန့်ခွဲခြင်းနှင့် ပတ်သက်၍ မကွေး တိုင်းဒေသကြီး၊ မြိုင်မြို့နယ်မှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင်၊ ကလောမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်၊ နေပြည်တော်ကောင်စီနယ်မြေ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ မေလ ၁၂ ရက်၊ နံနက်ပိုင်းက အွန်လိုင်းမှတဆင့် ဆွေးနွေးမှုတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ယင်းကဲ့သို့ အကြံပြု ပြောဆိုခဲ့ခြင်းဖြစ်သည်။
.
“တချို့တွေက Mask မတပ်ထားဘူး။ နောက်ပြီးတော့ Mask ကို အောက်ချထားတယ်။ အဲဒါလေး ဒဏ်ငွေလေး ရိုက်ပြီးတော့ အလေ့အကျင့်ဖြစ်သွားအောင် လုပ်ရမယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။
.
အချို့သူများသည် နှာခေါင်းစည်းတပ်ဆင်ရာတွင် အသက်ရှူမဝခြင်းနှင့် ရာသီဥတု ပူအိုက်ခြင်းတို့ကြောင့် Mask များကို စနစ်တကျ တတ်ဆင်ခြင်းမရှိကြောင်းနှင့် နေအိမ်အပြင်သို့ ထွက်ပါက ဖိနပ်စီးသကဲ့သို့ပင် နှာခေါင်းစည်း တပ်ဆင်ခြင်း အလေ့အကျင့် ဖြစ်လာပါကလည်း အဆင်ပြေသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက “Mask ကတော့ အစိုးရအနေနဲ့ အတိုင်းအတာတစ်ခုပဲ ပေးနိုင်တာပါ။ အပြည့်အဝ မပေးနိုင်ဘူး။ လောလောဆယ် စတို ထဲမှာ သိန်းဂဏန်းပဲ ရှိတာပါ။ တစ်ခါသုံး မဟုတ်ဘဲနဲ့ ရေရှည်သုံးနိုင်တဲ့ Mask တွေ ပေးနိုင်ရင်တော့ လူထု ပိုပြီးလိုက်နာနိုင် မှာပါ။ သာမန်လူတန်းစားတွေအတွက် တချို့ကလည်း ဝယ်ဖို့ ခက်ခဲမှာပါ။ အစိုးရဘက်ကလည်း ထိုက်သင့်သလောက် တော့ ပေးသင့်တယ်လို့ ယူဆပါတယ်” ဟု ပြောဆိုခဲ့သည်။
.
လက်ရှိအချိန်တွင် ပြည်သူအချို့မှာ နှာခေါင်းစည်း Mask တပ်ဆင်ရန် လိုက်နာမှု အားနည်းနေပြီး ဝယ်ယူရန် ငွေကြေး ခက်ခဲမှုများကြောင့်လည်း မတတ်ဆင်ကြခြင်းဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats