ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးဆောင်၍ တောင်ကြီးမြို့ရှိ ယာယီစျေးများတွင် Mask အခမဲ့ ပေးဝေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးဆောင်၍ တောင်ကြီးမြို့ရှိ ယာယီစျေးများတွင် Mask အခမဲ့ ပေးဝေ

နန်းဝင်းရီ၊ စုလှိုင်

.

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဦးဆောင်၍ တောင်ကြီးမြို့ ရှိ ယာယီစျေးများတွင် ယနေ့ မေလ ၇ ရက်၊ နံနက်ပိုင်းက နှာခေါင်းစည်း Mask များကို ပရဟိတအဖွဲ့၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အခမဲ့ ပေးဝေခဲ့ကြောင်း သိရသည်။

.


.

“ကျွန်တော်တို့ တောင်ကြီးမြို့သူ မြို့သားတွေကစပြီး Mask တွေကို ကျန်းမာရေးအတွက် စနစ်တကျ တပ်နိုင်ဖို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ ပရဟိတအဖွဲ့တွေ၊ လူမှုရေးအဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ ပြည်သူတွေကို မျက်နှာဖုံး တွေ၊ နှာခေါင်းစည်းတွေ ဖြန့်ဝေပေးတာ ဖြစ်ပါတယ်။ စျေးတွေ အနေနဲ့ကတော့ ရဲဘော်စျေး၊ စဝ်စံထွန်းစျေး၊ မြို့မစျေးတွေ၊ ပါမိုးနဲ၊ ကမ္ဘောဇစျေးတွေ အစရှိတဲ့ အဲဒီက ယာယီစျေးမှာရှိတဲ့ စျေးသူစျေးသားတွေကို အန္တရာယ် ကင်းစေဖို့ ပေးပါတယ်။ စျေးသူစျေးသားများနည်းတူ စျေးဝယ်လာတဲ့ သူတွေကိုလည်း မျက်နှာဖုံးများ ပေးပါတယ်။ မျက်နှာဖုံးကတော့ တစ်ခါပဲ ပေးနိုင်ပါတယ်။ ကျန်းမာရေးပညာကို အဓိကပေးခြင်း ဖြစ်ပါတယ်။ ”ဟု ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောသည်။

.

ထို့အတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်ကလည်း “အဓိက ရည်ရွယ်ချက်ကတော့ Mask ယဉ်ကျေးမှုဟာ COVID-19 ကာလမှာမက COVID အလွန်ကာလမှာလည်း ဒီယဉ်ကျေးမှုကို စာသင်ကျောင်းတွေ၊ အလုပ်ရုံတွေ၊ စက်ရုံတွေ အဲဒီမှာ တည်ဆောက်သွားဖို့ ရည်ရွယ်ချက်ဖြစ်တယ်။ လောလောဆယ် တပ်ခြင်းအားဖြင့် အဓိက ကတော့ မိမိမှာရှိတဲ့ ရောဂါ သူတစ်ပါးကို မကူးစက်အောင် ထိန်းချုပ်တဲ့ ရည်ရွယ်ချက်ပါ။ ရောဂါမပျံ့ပွားဖို့ ရည်ရွယ်တယ်။ Campaign အနေနဲ့ ရှမ်းတောင် ၂၁ မြို့နယ်လုံး တစ်ရက်ထဲ မနက် ၇ နာရီ စတင်ကျင်းပတယ်။ ရှမ်းမြောက်၊ ရှမ်းရှေ့မှာလည်း ကျင်းပသွားမှာ ဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။

.

အဆိုပါ Mask Shan Campaign ကို မြို့တော်တောင်ကြီး အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့ပေါင်း ၂၁ မြို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင်လည်း Mask Shan Campaign ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats