ရှမ်းပြည်နယ်အတွင်းရှိ ငါးရက်တစ်ဈေးနှင့် ညဈေးများ အားလုံး မေလကုန် အထိ ဆက်လက် ပိတ်ထားရမည် ဖြစ်ကြောင်း ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနထံမှ သိရသည်။
.
“ ရှမ်းပြည်နယ် အတွင်းမှာ ရှိတဲ့ မြို့နယ်စည်ပင်သာယာရေး
ကော်မတီတွေကို ညွှန်ကြားစာတွေ ပို့လိုက်ပြီ။ ပုံမှန် ဖွင့်လှစ်ရောင်းချနေတဲ့ ဈေးတွေကတော့
ကျွန်တော်တို့ မပိတ်ခိုင်းထားဘူး။ သို့သော်လည်းပဲ ဈေး တစ်ခုလုံးကိုတော့ မဖွင့် ခိုင်းထားဘူး။
စားသောက်ကုန်နဲ့ ဆေးဝါးရောင်းတဲ့ ဆိုင်တွေကိုပဲ ဖွင့်ခိုင်းထားတာ။ ကျန်တာကတော့ အစိုးရက
ညွှန်ကြားထားတဲ့ အတိုင်း ပိတ်ခိုင်း ထားပါတယ်။” ဟု ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှ
ဒုတိယညွှန်ကြားမှူး ဦးသိန်းဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်
အတွင်းရှိ မြို့၊ ကျေးရွာ အသီးသီး၌ ဖွင့်လှစ် ရောင်းချလျက်ရှိသည့် ငါးရက်တစ်ဈေးနှင့်
ညဈေးများ (ပုံမှန် ဖွင့်လှစ် ရောင်းချနေသည့် ဈေးများ မပါ) အား မေလ ၃၁ ရက်ထိ ဆက်လက်
ပိတ်သိမ်းသွားရန်၊ ဌာနပိုင် ပုံမှန်ဖွင့်လှစ် ရောင်းချနေသည့် ဈေးများတွင် ဈေးအတွင်း
စားသောက်ကုန်နှင့် ဆေးဝါးများ ရောင်းချသည့် ဆိုင်များ အပ ကျန်ဆိုင်ခန်းများအား ဖွင့်လှစ်
ရောင်းချခြင်း မပြုရန်၊ ဖြန့်ခွဲ ရောင်းချနေသော သား/ငါးနှင့် ဟင်းသီးဟင်းရွက် ယာယီဈေးများအား
ပုံမှန်အတိုင်း ဆက်လက် ဖွင့်လှစ် ရောင်းချသွားရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့က ရှမ်းပြည်နယ်
စည်ပင်သာယာရေးဌာနသို့ ယနေ့ (မေလ ၁၅ ရက်)တွင် ညွှန်ကြားခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်း၌ ငါးရက် တစ်ဈေး စုစုပေါင်း
၁၈၄ ခု၊ ညဈေးပေါင်း ၁၃ ခု ရှိပြီး ယင်း ငါးရက်တစ်ဈေးနှင့် ညဈေးများကို မေလကုန်ထိ ပိတ်သိမ်းထားရမည်
ဖြစ်ကာ၊ မြို့/ကျေးရွာ အသီးသီးရှိ စည်ပင်သာယာရေးဌာနပိုင် ဈေးများမှ စားသောက်ကုန်နှင့်
ဆေးဝါးအရောင်းဆိုင်များကို ဖွင့်လှစ် ရောင်းချခွင့် ပြုထားကြောင်း သိရသည်။
.