ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်းရှိ
စည်ပင်သာယာရေးဌာနပိုင် ဈေးများတွင် စားသောက်ကုန်နှင့် ဆေးဝါးများသာ ရောင်းချခွင့် ပြုထားပြီး
ကျန်ဆိုင်ခန်းများအား ဖွင့်လှစ်ရောင်းချခြင်း မပြုရန် လားရှိုးမြို့နယ်စည်ပင် သာယာရေးဌာနက
ဧပြီပ ၃၀ ရက်တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားမြစ်ထားကြောင်း သိရသည်။
.
.
“COVID-19 ကပ်ရောဂါ ကာကွယ်ရေးအတွက် အမိန့်ထုတ်တာဖြစ်ပါတယ်။ ကာလအပိုင်းအခြားအနေနဲ့ကတော့
ဒီရောဂါကပ်ကြီး မပြီးမချင်းပေါ့။ ဈေးဆိုတာ လူစုလူဝေး နေရာဖြစ်တဲ့အတွက် ကန့်သတ်တာဖြစ်ပါတယ်။
ရပ်ကွက် တွင်းက ဆိုင်တွေကတော့ ပြဿနာသိပ်မရှိပါဘူး။ လိုက်နာမှုမရှိရင်တော့ ပြစ်မှုအကြီးအသေးပေါ်မူတည်ပြီးတော့
အရေးယူသွားမှာပါ” ဟု လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်ဇင်က
ကမ္ဘောဇတိုင်းသို့ ပြောသည်။
ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ (လားရှိုး)
၏ ဧပြီလ ၂၇ ရက်စွဲပါစာအရ COVID-19 ကပ်ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်
ယင်းကဲ့သို့ တားမြစ်ခြင်းဖြစ်ပြီး လိုက်နာမှုမရှိပါက ရှမ်းပြည်နယ်စည်ပင်သာယာရေးဥပဒေ
နှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
လားရှိုးမြို့နယ်အတွင်း မြို့မဈေး၊ လားရှိုးကြီးဈေး၊
မန်ဆူဈေးနှင့် အောင်မင်္ဂလာဈေး ဟူ၍ အဓိကဈေးကြီး ၄ ခုရှိပြီး မြို့နယ်လူဦးရေ ၂၉၁၆၉၇
ဦး ရှိကြောင်း သိရသည်။
.