လားရှိုးတွင် တရားမဝင်သယ်ဆောင်လာသည်ဟု ယူဆရသော နွားကားများအား စိစစ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးတွင် တရားမဝင်သယ်ဆောင်လာသည်ဟု ယူဆရသော နွားကားများအား စိစစ်နေ

မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် မေလ ၁၈ ရက်က တရားမဝင် သယ်ဆောင်လာသည်ဟု ယူဆရသော နွားတင်ကား ၁၀ စီးနှင့် နွားကောင်ရေ ၂၂၀ အား စုံစမ်းစိစစ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
 
.
အဆိုပါ နွားတင်ဆောင်လာသည့် ကားများကို ပြည်သူ့မဏ္ဍိုင်-စစ်သည်တော်အဖွဲ့ ဗဟိုအခြေပြုကော်မတီ ရုံးချုပ်၏ ထောက်ခံချက်ဖြင့် သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။
.
ပြည်သူ့မဏ္ဍိုင်စစ်သည်တော်အဖွဲ့သည် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (ရာသက်ပန်) အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားပြီး နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနား-တောင်ညိုလမ်းတွင် အခြေစိုက်ရုံး ဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
.
ပြည်သူ့မဏ္ဍိုင်-နေပြည်တော်ဟစ်တိုင် သတင်းစုံစမ်းဖော်ထုတ်ရေး အမှတ်တံဆိပ်ပါ ထောက်ခံစာတွင် ပြည်သူ့ မဏ္ဍိုင်-စစ်သည်တော်အဖွဲ့ လူမှုကူညီရေးအသင်းအနေဖြင့် မသန်စွမ်းသူ ၃၅၀ ဦးနှင့် မိဘမဲ့ ၈၅၇ ဦးတို့ကို ပုံမှန်ကူညီ ထောက်ပံ့မှုများ ပြုလုပ်ပေးလျက်ရှိပြီး COVID-19 ရောဂါ ကာလအတွင်း နေ့စဉ်ထောက်ပံ့မှုများ ပြုလုပ်ရန်အတွက် ခက်ခဲမှုများနှင့် ရင်ဆိုင်နေရပါသဖြင့် ရန်ပုံငွေရရှိရေးအတွက် ယခုတင်ဆောင်လာသည့် နွားအကောင်ရေ ၂၂၀ အား မန္တလေးတိုင်းမှ မူ ဆယ်မြို့သို့ တင်ပို့မှုသည် ပရဟိတရန်ပုံငွေအတွက်သာ အမှန်တစ်ကယ်ဖြစ်သည်ဟု ထောက်ခံကြောင်းနှင့် ကူညီဆောင်ရွက်ပေးနိုင်ပါရန် တင်ပြအပ်ပါသည်ဟု ဖော်ပြထားသည်။
.
“သူတို့က ဒီအတိုင်းသွားတာထက် လှူမယ်ဆိုပြီး ထောက်ခံချက်တောင်းလို့ပါ။ ဒီလိုဖြစ်မယ်လို့လည်း မထင်လို့ ထောက်ခံချက် ပေးလိုက်တာပါ။ အားလုံးကတော့ စာရွက်စာတမ်း အမှန်ပါပဲ။ နွားတွေတော့ သွားမစစ်မိဘူး။ သတင်း တွေမှာပါသလို ဒေါ်ဖြိုးရတနာကျော်မှာ သေနတ်လည်း မပါဘူး။ ထုတ်လည်း မပေးပါဘူး။ သူတာဝန်ယူ ရှင်းနေပါတယ်” ဟု ထောက်ခံချက်များကို လက်မှတ်ရေးထိုးထုတ်ပေးခဲ့သည့် ပြည်သူ့မဏ္ဍိုင်-စစ်သည်တော်အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ (၂) ဦးမြင့်ခိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
သယ်ဆောင်လာသည့် နွားများအတွက် SY MON Coltd သို့ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပေးထားသည့် ပို့ကုန်လိုင်စင် တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးမှ ၂၀၁၉ ခုနှစ်၊ နို၀င်ဘာလ ၂၅ ရက်စွဲဖြင့် နွားအကောင်ရေ ၁၀၀ သယ်ဆောင် ခွင့်ပြုထားသော်လည်း ယခုတင်ဆောင်လာသည်နွားအရေအတွက်မှာ ၂၂၀ ဖြစ်သည့်အတွက် ခွင့်ပြုအရေအတွက် ကွာဟလျက်ရှိကြောင်းသိရသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာ ၀င်းမြင့်က “ဟုတ်ပါတယ်။ တရားမ၀င်နွားတွေပါ။ သယ်ဆောင်ခွင့်က သတ်မှတ်ရက်အတွင်းမှာပဲ သယ်ရမှာပါ။ ရက် ကျော်နေတဲ့အပြင် ခွင့်ပြုတာက ၁၀၀ ကို ၂၂၀ သယ်လာတာပါ။ ပြီးတော့ အခု COVID-19 ကာလမှာ နိုင်ငံခြားပို့တာလဲ ရပ်ဆိုင်းထားတာဖြစ်လို့ အချိန်ကာလအရလည်း တရားမ၀င်သယ်ဆောင်တာသာဖြစ်ပါတယ်” ဟု ပြောသည်။
.
လက်ရှိတွင် နွားများအား သယ်ဆောင်လာသူ ဒေါ်ဖြိုးရတနာကျော်နှင့် ယာဉ်မောင်းများ၊ ယာဉ်များ၊ နွားများကို ထိန်းသိမ်းထားရှိကာ ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats