လားရှိုးဆေးရုံမှ COVID-19 အတည်ပြုလူနာအမှတ် (၁၄) ဆေးရုံမှ ဆင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးဆေးရုံမှ COVID-19 အတည်ပြုလူနာအမှတ် (၁၄) ဆေးရုံမှ ဆင်း


ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူနေသည့် COVID-19 ပိုးတွေ့ လူနာအမှတ် (၁၄) သည် ရောဂါမှ ပြန်လည်သက်သာလာပြီဖြစ်သဖြင့် ယနေ့ မေလ ၂ ရက်၊ နံနက်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကြောင်း သိရသည်။
.
.
“ဒီနေ့ ဆေးရုံဆင်းပါပြီ။ သူက ရောက်ကတည်းက ကျန်းမာရေးအခြေအနေ ဆိုးဆိုးရွားရွား မရှိပါဘူး။ ကျောက်မဲ ဆေးရုံကို ပြန်လွှဲလိုက်ပါတယ်။ အဲဒီမှာ လိုအပ်တာ ဆက်လုပ်သွားမှာပါ။ Facilities Isolation ၇ ရက်ထားပြီး Home Quarantine ဆက်ထားမှာပါ။ လားရှိုးမှာ စောင့်ကြည့်လူနာ ၆ ယောက်ရှိပါတယ်။ ၃ ယောက်ကတော့ Negative ထွက်ပါတယ်။ ကျန်တဲ့ ၃ ယောက်ကတော့ ဓါတ်ခွဲနမူနာ ပို့ဖို့ စီစဉ်နေပါတယ်” ဟု လားရှိုးပြည်သူ့ဆေးရုံမှ ဒေါက်တာ ဉာဏ်မြင့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွန့်ကလည်း “ဒီနေ့ မနက် ၁၀ နာရီခွဲမှာ ဆေးရုံဆင်းသွားပါပြီ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း ပထမ တစ်ပတ်မှာ Facilities Isolation ထားပါမယ်။ ပြီးရင် Home Isolation ထားပါမယ်” ဟု ပြောဆိုခဲ့သည်။
.
အဆိုပါ လူနာအမှတ် (၁၄)သည် ထိုင်းနိုင်ငံမှ ကျောက်မဲမြို့သို့ ပြန်လည်ရောက်ရှိလာသည့် အသက် ၂၄ နှစ်အရွယ် အမျိုးသား ဖြစ်ပြီး ကျောက်မဲဆေးရုံ၌ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ ဓါတ်ခွဲနမူနာအား စစ်ဆေးစဉ် COVID-19 ပိုး တွေ့ရှိခဲ့ပြီးနောက် လားရှိုးဆေးရုံသို့ ပြောင်းရွှေ့ ထားရှိကာ စောင့်ကြပ် ကုသမှု ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်း ယနေ့ မေလ ၂ ရက်အထိ COVID-19 ပိုးတွေ့လူနာ ၇ ဦး အထိ ရှိလာနေပြီဖြစ်ပြီး ၎င်းတို့မှာ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေသော လူနာအမှတ် (၁၂၁)၊ ကျိုင်းတုံ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူနေသော လူနာအမှတ် (၆၄)၊ လူနာအမှတ် (၉၆)၊ လူနာအမှတ် (၁၁၂)၊ မူဆယ်ပြည်သူ့ဆေးရုံ ကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူနေသော လူနာအမှတ် (၁၄၃) နှင့် ဆေးရုံမှ ဆင်းခွင့်ရသူ လူနာအမှတ် (၂၉)၊ လူနာအမှတ် (၁၄) တို့ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats