ရပခတိုင်းမှူးမှ ကျောက်တလုံးကြီးတိုက်နယ်ဆေးရုံနှင့် နောင်ခဲကျေးလက်ကျန်းမာရေးဌာနခွဲတို့အတွက် အထောက် အကူပြုပစ္စည်းနှင့် ဆေးဝါးများ လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရပခတိုင်းမှူးမှ ကျောက်တလုံးကြီးတိုက်နယ်ဆေးရုံနှင့် နောင်ခဲကျေးလက်ကျန်းမာရေးဌာနခွဲတို့အတွက် အထောက် အကူပြုပစ္စည်းနှင့် ဆေးဝါးများ လှူဒါန်း


ခွန်အာကာ (ကျောက်တလုံးကြီး)
.
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်လင်းအောင်နှင့် ဇနီးဒေါ်သင်းသင်းအေး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် အမှတ်(၂)စစ်မြေပြင်ဆေးတပ်ရင်း(တောင်ကြီး)မှ ပါရဂူများသည် ယနေ့ မေလ ၂၁ ရက်၊ နံနက်ပိုင်း က တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ရှိ တိုက်နယ်ဆေးရုံနှင့် နောင်ခဲကျေးလက်ကျန်းမာရေးဌာနခွဲများသို့ အထောက်အကူပြုပစ္စည်းနှင့် ဆေးဝါးများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
.
 
.
လှူဒါန်းပွဲတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်က COVID-19 ရောဂါသည် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအတွက် အမျိုးသားရေးအန္တရာယ် ဖြစ်ပါကြောင်း၊ ထို့ကြောင့် တပ်မတော်မှ တတ်နိုင်သည့်ဘက်မှ ပြည်သူကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပါကြောင်း၊ ကျေးလက်ဒေသများအရောက် လိုအပ်သည့်ဆေးဝါးများနှင့် အထောက်အကူပစ္စည်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လှူဒါန်းလျက်ရှိပြီး၊ ယနေ့တွင် ကျောက်တလုံးကြီး တိုက်နယ်ပြည်သူ့ဆေးရုံသို့ ဓါတ်မှန်စက်နှင့် ဆေးဝါးများကို လာရောက်လှူဒါန်းခြင်းဖြစ်ပါကြောင်း၊ ပြည်သူများ အနေဖြင့် ကျန်းမာ‌ရေးဌာနမှ ထုတ်ပြန်သည့် အမိန့်၊ ညွှန်ကြားချက်နှင့် အကြံပြုချက်များကို လိုက်နာမှသာလျှင် COVID-19 ရောဂါကို ကာကွယ် ထိန်းချုပ်နိုင်မည်ဖြစ်ပါကြောင်း၊ တပ်မတော်အနေဖြင့်လည်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့်ပတ်သက်၍ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
.
ထို့နောက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်လင်းအောင်နှင့် တာဝန်ရှိသူများ တို့သည် ဓါတ်မှန်ရိုက်စက်၊ ဆေးဝါးများနှင့် အထောက်အကူပစ္စည်းများကို ပေးအပ်လှူဒါန်းရာ ကျောက်တလုံးကြီးမြို့ တိုက်နယ်ပြည်သူ့ဆေးရုံ တာဝန်ခံ ဒေါက်တာကြည်ကြည်ဟန်က လက်ခံရယူပြီး၊ အမှတ်(၂)စစ်မြေပြင်ဆေးတပ်ရင်း(တောင်ကြီး)မှ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးကာ ဒေသခံတိုင်းရင်းသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် အမှတ်(၂)စစ်မြေပြင်ဆေးတပ်ရင်း(တောင်ကြီး)မှ ပါရဂူများ တို့သည် ကျောက်တလုံးကြီးမြို့ ထီလုံရပ်ကွက်ရှိ ပအိုဝ်းအမျိုးသားခေါင်းဆောင် အဂ္ဂမဟာသီရိသုဓမ္မ မဏ္ဏိဇောတဓရ၊ ဝဏ္ဏကျော်ထင် ဦးအောင်ခမ်းထီ နှင့်တွေ့ဆုံကာ ပအိုဝ်းအမျိုးသားခေါင်းဆောင်အား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ပြီး၊ တပ်မတော်ထွက် ထုတ်ကုန်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
.
ထို့နောက် ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာအုပ်စု၊ ‌နောင်ခဲကျေးလက်ကျန်းမာရေးဌာနခွဲ သို့သွားရောက်ကာ ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာကျန်းမာရေးကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ COVID-19 ရောဂါကာကွယ်ရေး နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးပစ္စည်းနှင့် အထောက်အကူ ပစ္စည်းများကို ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
.
အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် တို့တွင် ပြည်နယ်အဆင့်ဆေးရုံ ၂ ရုံ၊ မြို့နယ် အဆင့်ဆေးရုံ ၁၇ ရုံ၊ တိုက်နယ်အဆင့်ဆေးရုံ  ၄၀ ရုံနှင့် ကျေးလက်ကျန်းမာရေးဌာန ၆၆ ခု၊ ကျေးလက်ကျန်းမာရေး ဌာနခွဲ ၂၃၇ ခုတို့တွင် COVID-19 ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ လိုအပ်သည့် ဆေးပစ္စည်းနှင့် အထောက်အကူ ပစ္စည်းများ လိုက်လံလှူဒါန်းပေးလျက်ရှိကြောင်း သိရှိရသည်။
.

Journal Download

Photo of three cats