ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံနှင့်
တာချီလိတ်မြို့များတွင် စက်သုံးဆီဈေးများ ဆက်တိုက် ကျဆင်းလျက်ရှိ ကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊
မြန်မာ့ရေနံနှင့် ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး ပြည်နယ်မန်နေဂျာရုံးမှ သိရသည်။
.
.
တာချီလိတ်မြို့တွင်
ယခင်ကာလများနှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ 95 တစ်လီတာလျှင် ၂ ဘတ်၊ 92 တစ်လီတာလျှင်၁ ဘတ်၊
ဒီဇယ်တစ်လီတာလျှင် ၂ ဘတ်ခန့် ဈေးနှုန်းကျဆင်းခဲ့ပြီး ကျိုင်းတုံတွင် ဓါတ်ဆီ 95 တစ်လီတာလျှင် ၉၀ ကျပ်၊ 92 တစ်လီတာလျှင် ၅၀
ကျပ်နှင့် ဒီဇယ်တစ်လီတာလျှင် ၉၀ ကျပ် ဈေးနှုန်းကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဝယ်ဈေးကို မူတည်ပြီးတော့ ဈေးနှုန်းအပြောင်းအလဲ
ဖြစ်နိုင်ပါတယ်။ ဖြစ်လာတဲ့ ဈေးနှုန်းအပြောင်းအလဲကို လည်း အများပြည်သူသိအောင်
ထုတ်ပြန်ကြေညာပေးသွားပါမယ်” ဟု ကျိုင်းတုံမြို့ရှိ ရှမ်းပြည်နယ်အရှေ့ပိုင်း၊
မြန်မာ့ရေနံနှင့် ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး ပြည်နယ်မန်နေဂျာရုံးမှ ဦးစိုင်းရီစံခတ်က
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
“စက်သုံးဆီဈေးတွေကျလို့ ဝမ်းမသာနိုင်ပါဘူး။
COVID-19 ကြောင့် ရှမ်းပြည်နယ်အစိုးရက တာချီလိတ်၊
ကျိုင်းတုံ ကနေ မဖြစ်မနေ တောင်ကြီးကိုသွားဖို့ လိုအပ်ရင် ကားခ ၂ ဆ သတ်မှတ်ထားပါတယ်”
ဟု ကျိုင်းတုံဒေသခံ တစ်ဦးက ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
ကမ္ဘာ့နိုင်ငံအများအပြားတွင် COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့်
စီးပွားရေးလုပ်ငန်းများ ရပ်နား နေပြီး ရေနံဝယ်လိုအား ကျဆင်းနေသဖြင့် ဈေးနှုန်းများ
ဆက်တိုက်ကျဆင်းနေခြင်းဖြစ်ကြောင်း သိရသည်။
.