ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံဒေသထွက် မက်မန်းသီးများသည်
အရွယ်အစားကြီးမားပြီး အရသာ ကောင်းမွန် သဖြင့် လူကြိုက်များ၍ ရောင်းအားကောင်းလျက်ရှိကြောင်း
သိရသည်။
.
.
မက်မန်းသီးသည် ကျိုင်းတုံမြို့၏ ရာသီဥတုနှင့် ကိုက်ညီမှုရှိပြီး
ယခုနှစ် ရာသီပေါ်ချိန်တွင် ပိုးမွှားနှင့် လေဒဏ်မိုး ဖျက်ဆီးမှုဒဏ် အန္တရာယ်ကို မကြုံတွေ့ရသဖြင့်
အသီးလှ၍ အထွက်နှုန်း ကောင်းမွန်လျက်ရှိသည်ဟု မက်မန်းစိုက်ပျိုး သည့် တောင်သူများထံက
သိရသည်။
“ဒီနှစ်မက်မန်းသီးက အလုံးအရွယ်လည်းလှပြီး အရသာလည်း ကောင်းတော့ တခြားမြို့တွေကနေ
မှာယူကြတာ ရှိပါတယ်။ COVID-19 သာ မရှိခဲ့ဘူးဆိုရင် ဈေးနှုန်း ပိုရနိုင်ပါတယ်” ဟု ကျိုင်းတုံမြို့နေ
မက်မန်းစိုက် တောင်သူတစ်ဦး က ပြောသည်။
.
ကျိုင်းတုံဈေးကွက်တွင် မက်မန်းသီးအလေးချိန် တစ်ကီလိုလျှင် ၁၀၀၀
ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပြီး ကျိုင်းတုံ မြို့တွင်း နေရာများသို့ ၅ ကီလိုနှင့်အထက်
မှာယူပါက အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုများလည်း ရှိကြောင်း သိရသည်။
.
COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိမီ ယခင်နှစ်များက ကျိုင်းတုံဒေသထွက်
မက်မန်းသီးများကို “ဝ” အထူးဒေသ (၂)၊ မိုင်းလား အထူးဒေသ (၄) နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းမြို့များသို့
သာမက တောင်ကြီးမှတစ်ဆင့် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချခဲ့ရပြီး ကျိုင်းတုံမြို့နယ်၊
လွယ်မွေဒေသတွင် မက်မန်းဝိုင်အား စီးပွားဖြစ် ထုတ်လုပ်ရောင်းချကြကြောင်း သိရသည်။
.