ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ပန်ကြူကျေးရွာအုပ်စုနှင့်
မိုင်းခွန်ကျေးရွာအုပ်စုတို့တွင် ယနေ့ မေလ ၁၁ ရက်၊ နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့်
လူနေအိမ် ၂၂ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပန်ကြူကျေးရွာအုပ်စု၊ ပန်ယောင်းကျေးရွာနှင့်
နမ့်ကွီကျေးရွာတွင် ပျဉ်ကာ သွပ်မိုး လူနေအိမ် ၅ လုံး၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ဟွေဟိ၊
ပေါ်ဖာ၊ ကောင်းဆန်း၊ ဝမ်လင်း၊ နောင်ပလာ၊ ဟွေဟုတ် ကျေးရွာများ တွင် လူနေအိမ် ၁၇ လုံး
ပျက်စီးဆုံးရှုံးခဲ့ပြီး ပျက်စီးမှုတန်ဖိုး စုစုပေါင်း ၂၂ သိန်း ရှိခဲ့ကြောင်း သိရသည်။
“လူနဲ့ အိမ်မွေးတိရစ္ဆာန် ထိခိုက်တာတော့ မရှိပါဘူး။ နေအိမ်ပျက်စီးသွားတဲ့
မိသားစုတွေကို ကျေးရွာအုပ်အုပ်ချုပ် ရေးမှူးကပဲ နီးစပ်ရာမှာ ယာယီတည်းခိုနေထိုင်ဖို့
စီစဉ်ပေးထားပါတယ်” ဟု ကျိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
အဆိုပါ လူနေအိမ်များ ပျက်စီးခဲ့သည့် ကျေးရွာများရှိ မိသားစုဝင်များထံသို့
ကျိုင်းတုံမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်သွားရန်
စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအတွင်း
အချိန်အခါမဟုတ် လေပြင်း တိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ ထစ်ချုန်းခြင်း၊ မိုးရွာသွန်းခြင်း၊
မိုးသီးကြွေကျခြင်း စသည့် သဘာဝဘေးအန္တရာယ် များ ကြုံတွေ့နိုင်ကြောင်း သိရသည်။
.