ကျိုင်းတုံတွင် ညမထွက်ရအမိန့်ကို အကြောင်းပြ၍ ရဲတပ်ဖွဲ့ဝင် ဟုဆိုကာ သေနတ်ဖြင့် ခြိမ်းခြောက် ငွေယူသူများကို အမှုဖွင့် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံတွင် ညမထွက်ရအမိန့်ကို အကြောင်းပြ၍ ရဲတပ်ဖွဲ့ဝင် ဟုဆိုကာ သေနတ်ဖြင့် ခြိမ်းခြောက် ငွေယူသူများကို အမှုဖွင့်


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ဧပြီလ ၂၃ ရက်က ညမထွက်ရအမိန့်ကို အကြောင်းပြု၍ ရဲတပ်ဖွဲ့ဝင် များဟုဆိုကာ ခြိမ်းခြောက် ငွေတောင်းခံသူ အမျိုးသားများကို ကာယကံရှင်မှ ယနေ့ မေလ ၁၀ ရက်တွင် အမှုဖွင့်တိုင်တန်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.

.
ကျိုင်းတုံမြို့နယ်၊ ဟွေကွယ်ကျေးရွာအုပ်စု၊ ပန်ဒလွယ်ရွာနေ စိုင်းယီလောင်း ဆိုသူသည် ဧပြီလ ၂၃ ရက်၊ ညပိုင်းက  မိုင်းဇင်းကျေးရွာအုပ်စု၊ ဟိုခို-ဝမ်လုံးမြေသားလမ်းအတိုင်း ၎င်း၏ HONDA FIT အမျိုးအစား မော်တော်ယာဉ်ဖြင့် မောင်းနှင်လာစဉ် ဝမ်လုံကျေးရွာအနီးသို့ အရောက်တွင် ဆိုင်ကယ်စီးနင်းလာသူ အမျိုးသား တစ်ဦး ရောက်ရှိလာပြီး "မင်းဘယ်ကလဲ။ ညမထွက်ရအမိန့် ထုတ်ထားတာ မသိဘူးလား" ဟု ပြောဆိုကာ ငွေကျပ် ၂ သောင်း တောင်းခံသဖြင့် စိုင်းယီလောင်းမှ တောင်းခံသည့်ငွေကို ပေးအပ်ပြီး ယင်းနေရာမှ ဆက်လက် ထွက်ခွာခဲ့သည်ဟု သိရသည်။
.

ထို့နောက် စိုင်းယီလောင်းသည် မော်တော်ယာဉ်ကို ဆက်လက်မောင်းနှင်လာစဉ် ကျိုင်းတုံမြို့နယ်၊ မိုင်းလပ် ကျေးရွာအုပ်စု၊ လွယ်မွေကားလမ်းရှိ စက်မှုလယ်ယာရုံးရှေ့ အရောက်တွင် VIGO အမျိုးအစား ငွေမင်ရောင် မော်တော်ယာဉ်ပေါ်မှ အမျိုးသား ၄ ဦး ဆင်းလာပြီး ရဲတပ်ဖွဲ့ဝင်များဟု ပြောဆိုကာ စိုင်းယီလောင်း မောင်းနှင်လာသည့် ယာဉ်အား စစ်ဆေးရှာဖွေရာ မန်ကျည်းသီးဖိုး ငွေကျပ် သိန်း ၂၀ ကျော်အား တွေ့ရှိ သဖြင့် တစ်ဦးက "ညမထွက်ရအမိန့် ထုတ်ထားတာ မသိဘူးဘူးလား။ ပိုက်ဆံပေးမလား၊ ထောင်ထဲဝင်မလား။ ထောင်၃ လ ကျမယ်" ဟု ပြောဆိုပြီး ငွေကျပ် ၁၀ သိန်း တောင်းခံကာ VIGO ယာဉ်အား မောင်းနှင်ထွက်ခွာ သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
ထို့အပြင် စိုင်းယီလောင်း၏ တိုင်ကြားစာအရ ငွေကျပ် ၁၀ သိန်း ယူဆောင်သွားသူ ၄ ဦးအနက် သေနတ်အတို ကိုင်ဆောင်ထားသူနှင့် လိုက်ပါလာသူ တစ်ဦးတို့၏ ပုံပန်းသဏ္ဍန်ကို မှတ်မိပြီး ပထမအကြိမ် ဆိုင်ကယ်ဖြင့် ငွေကျပ် ၂ သောင်း တောင်းခံသွားသူ၏ ပုံပန်းသဏ္ဍန်နှင့် ၎င်း၏ မော်တော်ဆိုင်ကယ်ကို မှတ်မိသည်ဟု ဖော်ပြထားသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကျိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် "ဒီနေ့ အမှုဖွင့်ထားတာ ဟုတ်ပါတယ်။ အမှုအခြေအနေနဲ့ ရဲတပ်ဖွဲ့ဝင် အစစ်လား၊ အယောင်ဆောင်းလား ဆိုတာကတော့ စခန်းကိုပဲ ဆက်သွယ် မေးမြန်းလိုက်ပါ" ဟု ပြောဆိုခဲ့ပြီး ကျိုင်းတုံမြို့မရဲစခန်းသို့ တယ်လီဖုန်း ဆက်သွယ်ရာတွင် ဆက်သွယ်၍ မရခဲ့ချေ။
အမှုနှင့် ပတ်သက်၍ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ ရဲမှူးအုန်းလွင်က ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် လိုအပ်သည့် စစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ပြီး ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၂၇၉/၂၀၂၀၊ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၈၆/၁၁၄ ဖြင့် အမှုဖွင့်ထားရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats