နန်းဝင်းရီ
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
ကျိုင်းတုံမြို့ရှိ မြို့တော်ခန်းမ၌ Volunteer ဆရာဝန်များနှင့် တပ်မတော်မှ ဆရာဝန်များ
ပူးပေါင်း၍ မေလ ၁၄ ရက်မှ စတင်၍ အခမဲ့ဆေးခန်း ဖွင့်လှစ်ကာ ဆေးကုသမှုများ ပြုလုပ်ပေးနေကြောင်း
သိရသည်။
.
“ ဒီနေ့မှ စပြီး
ဖွင့်တာပါ။ လူနာကတော့ ၄/၅ ယောက်ပဲ လာပါသေးတယ်။ အဓိကတော့ COVID-19 နဲ့ ပတ်သက်လို့ ကူးစက်
ပြန့်ပွားမှု မရှိအောင်ပေါ့။ သံသယရှိဖွယ် လူနာတွေကိုလည်း ထောက်လှမ်း သိရှိနိုင်အောင်၊
စုံစမ်းသိရှိလို့ ရနိုင်အောင်ပါ။ ”ဟု ကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ အခမဲ့ ဆေးခန်းအား
နံနက် ၈ နာရီမှ ၁၀ နာရီအထိ ၂ နာရီကြာ ဖွင့်လှစ်သွားမည် ဖြစ်ပြီး လိုအပ်သည့် ဆေးဝါး
အထောက်အပံ့များကို COVID-19 ကာကွယ်ရေးနှင့် တားဆီးရေးအဖွဲ့မှ ထောက်ပံ့ ပေးထားကြောင်း
သိရသည်။
ကျိုင်းတုံမြို့သည်
ရှမ်းပြည်နယ်အရှေ့ပိုင်း၏ မြို့တော်ဖြစ်ပြီး မြို့နယ်အတွင်း၌ ရပ်ကွက် ၅ ရပ်ကွက်၊ ကျေးရွာအုပ်စု
၃၁ အုပ်စု၊ ကျေးရွာ ၇၁၈ ရွာဖြင့် ဖွဲ့စည်းထားပြီး လက်ရှိ၌ ကျိုင်းတုံပြည်သူ့ဆေးရုံတွင်
COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၃ ဦး ရှိကာ ယင်းတို့အနက် ၁ ဦး၏ ၂ ကြိမ်ဆက်တိုက် ပိုးတွေ့ရခြင်း
မရှိတော့သဖြင့် Hospital Quarantine ဝင်နေလျက် ရှိကြောင်း သိရသည်။
.