ကျောက်မဲမြို့၏ သင်္ကေတအမှတ်အသားနှင့် အလှဆင်မှုများ ပြုလုပ်သွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲမြို့၏ သင်္ကေတအမှတ်အသားနှင့် အလှဆင်မှုများ ပြုလုပ်သွားမည်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၏ သင်္ကတအမှတ်အသားအဖြစ် သဘာဝအမဲရောင် ကျောက်တုံးကြီးပေါ်တွင် We Love Kyaukme စာတမ်း ရေးထွင်းခြင်းနှင့် ပင်လုံကျောက်တိုင်ပုံတူ၊ ရှမ်းပြည်နယ်ကိုယ်စားပြု ရှမ်းအိုးစည်ပုံများဖြင့် မြို့အလှ ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
အဆိုပါ ကျောက်မဲမြို့အထိမ်းအမှတ် သင်္ကေတကို အမှတ် (၁) ရပ်ကွက်၊ ပင်လုံလမ်းမကြီးဘေး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ရှိ အားကစားကွင်းတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
“ကျောက်မဲမြို့ဆိုတာ ကျောက်မဲတုံးကို အမည်စွဲခေါ်တာဆိုရင် ဘယ်မှာလဲလို့မေးတော့ မသိကြဘူး။ ဒါနဲ့ အမဲရောင် ကျောက်တုံးရှာပြီး မြို့သင်္ကေတ အနေနဲ့ လုပ်သွားမှာပါ။ တခြားမြို့တွေလို We Love Kyaukme စာတမ်း ရေးထွင်း မယ်။ ပြီးတော့ ဘေးမှာ ပြည်ထောင်စုရဲ့ သင်္ကေတဖြစ်တဲ့ ပင်လုံကျောက်တိုင်ပုံတူ ဆောက်မယ်။ ရှမ်းပြည်နယ်ရဲ့ သင်္ကေတ ရှမ်းအိုစည်ကို ဆောက်ပြီး အားကစားကွင်းမှာ ထားမှာဖြစ်ပါတယ်။ ကျောက်မဲမြို့ ဆိုတဲ့အတိုင်း မြို့ သင်္ကေတအထိမ်းအမှတ် အဖြစ် ထာဝရတည်တံ့အောင် ဆောင်ရွက်နေတာပါ” ဟု ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျောက်မဲမြို့၏ သင်္ကေတအဖြစ် ထားရှိမည့် သဘာဝအမဲရောင် ကျောက်တုံးကို လွန်ခဲ့သည့် ၂ လခန့် ကတည်းက ရှာဖွေနေခြင်းဖြစ်ပြီး မေလ ၁၂ ရက်တွင် ကျောက်မဲမြို့မှ မိုင် ၃၀ ခန့်အကွာ၊ ပုံဟိုးကျေးရွာအုပ်စု၊ မန္တလေး အဆင်း ဘက်တွင် တွေ့ရှိသဖြင့် အောင်ဆုပန်ကျောင်းတိုက်ဆရာတော် ဦးဆောင်၍ ဘာသာရေးနှင့် ရိုးရာအစီအမံ များပြုလုပ်ကာ သယ်ယူနိုင်ရေး ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
.
“COVID-19 ကြောင့် ကြန့်ကြာသွားတာပါ။ အခုလည်း ကျောက်တုံးကြီးကို ခွဲစိတ်ပြီး သယ်မယ်။ ပြီးတော့ ကျောက်ဆစ် ပညာရှင်က ပေါင်းစပ်ပြီး We Love Kyaukme စာလုံးထွင်းထုမယ်။ အားကစားကွင်းမှာ နောက်ခံထားပြီး အလှဆင်မှာ ဖြစ်ပါတယ်” ဟု ကျောက်မဲမြို့ သင်္ကေတ ဖြစ်မြောက်ရေးအဖွဲ့မှ ဦးသားဇော်က ပြောည်။
.
ယင်းကဲ့သို့ ကျောက်မဲမြို့၏ သင်္ကေတအဖြစ် ထားရှိမည့် သဘာဝအမဲရောင် ကျောက်တုံးကြီးမှာ အလျား ပေ ၂၀ ခန့်ရှိမည်ဖြစ်ပြီး မေလ ၁၃ ရက်က စတင်သယ်ဆောင်လျက်ရှိကာ တည်ဆောက်ချိန် ၂ ပတ် သတ်မှတ်၍ စေတနာရှင် မြို့လူထု၏ အထောက်အပံ့ဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
ကျောက်မဲမြို့ကိုခရစ်နှစ် ၁၉၀၂ ခုနှစ်က သီပေါစော်ဘွား ဆာစောချယ်၊ လားရှိုးအရေးပိုင် မစ္စတာ ဘွန်တန်၊ ကျွဲကုန်း နယ်ပိုင် ဦးခွန်ထွန်း၊ ကျောက်မဲနယ်ပိုင်ကြီး ဦးဆံတို့မှ ပန္နက်ရိုက်၍ မြို့တည်ပေးခဲ့ခြင်းဖြစ်ပြီး မူလက နမ့်တုံမြို့သစ် ဟုသာ ခေါ်ဝေါ်ခဲ့ကာ နောက်ပိုင်းတွင် ဈေးနေရာ၌ တွေ့ရှိရသော မာဟင်လန် (ခေါ်) ကျောက်တုံးမဲများကို အစွဲပြု၍ ကျောက်မဲမြို့အဖြစ် ခေါ်ဝေါ်ကြခြင်းဖြစ်ကြောင်း သိရသည်။၊
.
ထို့အပြင် ရှမ်းဘာသာဖြင့် ကျောက်မဲ ဟု ခေါ်ဝေါ်ခြင်းမှာ ယင်းနေရာ၌ ယခင်က နွားဝန်တင်များ ရပ်နားရာ ကြားစခန်း တစ်ခု ရှိခဲ့ပြီး နွားများ ကုန်းနှီးလျော့ရဲလာသဖြင့် ပြန်လည်ချည်နှောင်ရာတွင် နွားဝန်တင်များ ရုန်းကန်ခုန်ပေါက်၍ ပန် ကျောက်မဲ့ဟု ခေါ်ဝေါ်ရာမှ ကျောက်မဲဟု တွင်လာရခြင်းဖြစ်ကြောင်း ကျောက်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ဒေသဆိုင်ရာ အချက်အလက်များတွင် ဖော်ပြထားသည်။
.

Journal Download

Photo of three cats