စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ အမှတ်(၄)ရပ်ကွက်တွင် မေလ ၆ ရက် နံနက် အစောပိုင်းက မီးအားမြှင့်စက်မှ တဆင့် မီးလောင်ကျွမ်းမှုကြောင့် ကျပ်သိန်း ၃၀၀ ကျော် ပျက်ဆီး ဆုံးရှုံးခဲ့ရကြောင်း ကျောက်မဲခရိုင် မီးသတ်ဦးစီးဌာနထံမှ သိရသည်။
.
“ မီး တစ်ဝက်လောက် ကျိုးမှ သိရပေမဲ့ အခြားအိမ်တွေ မီးကူးစက်မှု မရှိအောင် မီး ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။” ဟု ကျောက်မဲခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းဦးက ပြောသည်။
.
ကျောက်မဲမြို့၊ အမှတ်(၄)ရပ်ကွက်၊ နယ်မြေ(၂)၊ အောင်ဆန်းလမ်းရှိ တန်းလျား တစ်ခုတွင် အိမ်ငှားရမ်း နေထိုင်သူ ဦးရှမင်းပိုင်မှ မီးအားမြှင့်စက်အား လက်လှည့် မြှင့်တင်ထားမှုကြောင့် မီးအားမြှင့်စက် ကွိုင် အပူလွန်၍ မေလ ၆ ရက် နံနက် အစောပိုင်းက မီးစတင် လောင်ကျွမ်းခဲ့ရာ တန်းလျားရှိ အလှပြင်ဆိုင်၊ လူသုံးကုန်ဆိုင်၊ ကဖေးဆိုင် စုစုပေါင်း ၇ ခန်းကို မီး လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး ဆုံးရှုံးမှု ခန့်မှန်း တန်ဖိုးငွေ ကျပ် ၃၂၁၂၅၀၀၀ ရှိခဲ့သော်လည်း လူနှင့် တိရစ္ဆာန်များ ထိခိုက်မှု မရှိကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။
.
မီး လောင်ကျွန်းမှုအား မီးသတ်ယာဉ်နှင့် ရေသယ်ယာဉ် ၁၂ စီးနှင့်အတူ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ မီးလောင်ကျွမ်းမှုအား ဖြစ်ပေါ်စေသည့် မီး ပေါ့ဆသူ ဦးရှမင်းပိုင်အား ကျောက်မဲမြို့မရဲစခန်း၌ (ပ)၄၃/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
.