ကွမ်းလုံ-သိန္နီလမ်း၊ ဗြုန်းတောင်ပေါ်ရှိ ဘေလီတံတား အသစ်လဲလှယ်နေစဉ် ယာဉ်ဖြတ်သန်းသွားလာခွင့်မပြု - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, May 28, 2020

ကွမ်းလုံ-သိန္နီလမ်း၊ ဗြုန်းတောင်ပေါ်ရှိ ဘေလီတံတား အသစ်လဲလှယ်နေစဉ် ယာဉ်ဖြတ်သန်းသွားလာခွင့်မပြု


မေသူဇော်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီ-ကွမ်းလုံလမ်း၊ ဗြုန်းတောင်ပေါ်လမ်းပိုင်း၊ မိုင်တိုင်အမှတ် (၄၀/၃) နှင့် (၄၀/၄) အကြားရှိ ဘေလီတံတားကို အသစ်လဲလှယ်နေစဉ်ကာလအတွင်း ယာဉ်များ ဖြတ်သန်းသွားလာခွင့် ပြုမည်မဟုတ်ကြောင်း အဆိုပါ လမ်းပိုင်းအား တာဝန်ယူဆောင်ရွက်နေသည့် Oriental Highway Co., Ltd. ထံက သိရသည်။
.
 
.
“၂၀၁၉ ခုနှစ်အတွင်းက မြောက်ပိုင်းအဖွဲ့ရဲ့ ဖျက်ဆီးခြင်းခံရတဲ့ တံတားကို ၂ လမ်းသွား၊ အရှည် ပေ ၁၀၀ ရှိတဲ့ သံဘေလီတံတားနဲ့ လဲလှယ်တာပါ။ လုပ်ငန်းပြင်ဆင်နေတဲ့ မေလ ၂၇ ရက်ကစပြီး မနက် ၆ နာရီကနေ ၁၂ နာရီအထိ မည်သည့်ယာဉ်ကိုမှ ဖြတ်သန်းခွင့် မပြုပါဘူး။ နေ့လယ် ၁၂ နာရီ နောက်ပိုင်းမှာ ဖြတ်သန်းခွင့် ပြုပါမယ်” ဟု Oriental Highway ကုမ္ပဏီမှ အဆိုပါလမ်းပိုင်း တာဝန်ခံ အင်ဂျင်နီယာ ဦးမိုးကျော်က ပြောသည်။
.
အဆိုပါ တံတားသစ် လဲလှယ်နေစဉ် မေလ ၂၇ ရက်၊ ၂၈ ရက်နှင့် မေလ ၃၀ ရက်များတွင် နံနက် ၆ နာရီမှ ၁၂ နာရီအတွင်း ယာဉ်ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားပြီး ကျန်လုပ်ငန်းများ လုပ်ကိုင်သည့် နေ့များတွင် လမ်းပိတ် ထားမည်မဟုတ်ကြောင်း ဦးမိုးကျော်က ဆက်လက်ပြောဆိုခဲ့သည်။
.
ယင်းတံတားသည် မူလက အရှည် ပေ ၈၀ ရှိ ကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်တပ်ဖွဲ့များက ဖျက်ဆီးခဲ့ပြီးနောက် ၂၄ နာရီအတွင်း တပ်မတော်က အရှည်ပေ ၁၂၀ ရှိ ဘေလီတံတားကို အစားထိုး တပ်ဆင်ပေးခဲ့ခြင်းဖြစ်ကာ လက်ရှိ အသစ်လဲလှယ်နေသည့် တံတားမှာ အရှည် ပေ ၁၀၀ ရှိ ၂ လမ်းသွား သံဘေလီတံတားဖြစ်ကြောင်း သိရသည်။
.
တံတားအသစ် လဲလှယ်မှု လုပ်ငန်းများကို လမ်းဦးစီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် Oriental Highway ကုမ္ပဏီမှ ဆောင်ရွက်နေခြင်းဖြစ်ပြီး ကွမ်းလုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့များမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
.
“မနက်ပိုင်း လမ်းခဏပိတ်ထားလည်း ကိစ္စမရှိပါဘူး။ ကွမ်းလုံ-လားရှိုးက ၃ နာရီပဲ မောင်းရတာ။ လမ်းကောင်းတော့ အဆင်ပြေတယ်။ နေ့ခင်းမှ မောင်းလို့ရပါတယ်” ဟု လင်းယုန်ယာဉ်လိုင်းမှ ကိုမြင့်အောင်က ပြောသည်။
.
သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်းပိုင်မှာ ၆၆ မိုင် ရှည်လျားပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၏ အဓိက ကုန်သွယ်ရာ လမ်းကြောင်း ၂ ခုအနက် တစ်ခု အပါအဝင်ဖြစ်ကာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အထိ ကုန်သွယ်သွားလာနိုင်သည့် လမ်းဖြစ်ကာ နေ့စဉ် ကုန်တင်ယာဉ်စီးရေ ၅၀၀ ကျော်ခန့်နှင့် အိမ်စီး/ခရီးသည်တင်ယာဉ်စီးရေ ၅၀၀ ခန့် ဖြတ်သန်း သွားလာနေသည့် လမ်းဖြစ်သည်ဟု သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About