မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ခန်ကျေးရွာအနီးတွင်
မေလ ၁ ရက်၊ နံနက်ပိုင်းက ပြည်သူ့စစ် အမည်ခံတစ်ဦးထံမှ တရားမဝင် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
.
.
ကွတ်ခိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်
မေလ ၁ ရက်၊ နံနက် ၁၀ နာရီခန့်က လွယ်ခန် ကျေးရွာအနီးတွင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ်
ကောင်းခါး-လွယ်ခန်သွား ကားလမ်းပေါ်၌ လွယ်ခန်ကျေးရွာ နေ လီဝင်ရုံ (ခ) ကျော်နိုင်စိုး
မောင်းနှင်လာသော မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်နောက်ဖုံး အတွင်းမှ
M-16 သေနတ်တစ်လက်၊ ၎င်းကျည် ၆၂ တောင့်၊ ကျည်အိမ် ၃ ခု၊ ကာဘိုင်သေနတ် တစ်လက်၊ ၎င်းကျည်
၁၇ တောင့်၊ ကျည်အိမ် တစ်ခု၊ ပွိုင့်-၂၂ သေနတ် တစ်လက်တို့ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
လီဝင်ရုံ (ခ) ကျော်နိုင်စိုးအား စစ်ဆေးမေးမြန်းချက်အရ ၎င်းသည် ၂၀၁၈
ခုနှစ်မတ်လတွင် ပြည်သူ့စစ်အဖွဲ့၌ ဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့ပြီး လွန်ခဲ့သော ၂ လခန့်မှစ၍
ပြည်သူ့စစ်အဖွဲ့အားဖျက်သိမ်းပြီး လက်နက်ခဲယမ်းများအား ပြန်လည်အပ်နှံရန် ပြောကြားခဲ့သော်လည်း
၎င်းကိုင်ဆောင်သည့် ကာဘိုင်တစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည် ၁၇ တောင့်တို့အား အပ်နှံခြင်းမပြုဘဲ
၎င်း၏ ကားနောက်ဖုံးအတွင်း သိမ်းဆည်းထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့နောက် ၎င်းသည် မေလ ၁ ရက်တွင် တစ်ရွာတည်းနေ သူငယ်ချင်း ဖြစ်သူ
မော်အိန်း၏ နေအိမ်သို့သွားစဉ် မော်အိန်းက အမ် ၁၆ သေနတ်တစ်လက်၊ ပွိုင့်-၂၂ သေနတ်တစ်လက်၊ အမ်၁၆ ၎င်းကျည် ၆၂ တောင့်၊ M-16 သေနတ်တစ်လက်တို့ကို
ကျည်အိမ်များနှင့်အတူ ကားနောက်ဖုံးအတွင်းထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ဆက်လက်ပြီး လီဝင်ရုံ၏ ထွက်ဆိုချက်အရ မော်အိန်း၏နေအိမ်သို့ သွားရောက်ဖမ်းဆီးရာ
ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်းသိရသည်။
.
“မော်အိန်းတော့မမိသေးဘူး တရားခံပြေး ပြထားတယ်။ စုံစမ်းနေပါတယ်”
ဟု ကွတ်ခိုင်မြို့မရဲစခန်းတာဝန်ကျ ဒုရဲအုပ်နေလင်းဦးက ပြောသည်။
.
ထို့နောက် တာဝန်ရှိသူများမှ ပြည်သူ့စစ်(ဌာနေ)အဖွဲ့၏တပ်ဖွဲ့ဝင် အမည်စာရင်းအားစစ်ဆေးရာ
လီဝင်ရုံ(ခ)ကျော်နိုင်စိုး၏ အမည်စာရင်းပါရှိ ခြင်းမရှိကြောင်းသိရှိရသဖြင့် လီဝင်ရုံ
(ခ) ကျော်နိုင်စိုးနှင့် မော်အိန်းတို့အား
ကွတ်ခိုင်မြို့မရဲစခန်းမှ (ပ)၁၈/၂၀၂၀၊ ရှမ်းလက်နက်ဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း
သိရသည်။
.