COVID-19 က ဘာတွေ ပေးသလဲ - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Saturday, May 23, 2020

COVID-19 က ဘာတွေ ပေးသလဲ

ဇန်
.
COVID-19 သည် လူတို့ နှစ်ပေါင်းများစွာ အနည်ကျအောင် တည်ငြိမ်ခဲ့သမျှ၊  ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားခဲ့သမျှ၊ တရားဥပဒေ စိုးမိုးအောင် ဖော်ဆောင်ခဲ့သမျှ၊ စည်ပင်သာယာ ဝပြောအောင် လုပ်ကိုင် ဆောင်ရွက် ခဲ့ကြသမျှ၊ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ၊ ငွေကြေးစီးပွား ဥစ္စာကြွယ်ဝ ချမ်းသာမှုများ၊ အာဏာနှင့် ဥပဒေများ၊ နယ်နိမိတ်နှင့် နယ်ခြား စည်းမျဉ်းများ၊ အသားအရောင်နှင့် လူမျိုးနွယ်စု၊ ကိုးကွယ်မှု ဘာသာတရား၊ စာပေသင်္ကေတများ၊ ထုံးထမ်းစဉ်လာ၊ ဓလေ့စရိုက်နှင့် နယ်ခြား စည်းမျဉ်း များစွာတို့၏ အချုပ်အချာအာဏာတို့ကို တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍ သော်လည်းကောင်း ပျက်ဆီး တိုက်ခိုက် သိမ်းပိုက်ကာ လွှမ်းမိုး အုပ်စိုး သွားနိုင်တာမျိုးပင် ဖြစ်သည်ဟု ယူဆမိပါသည်။
.
COVID-19 သည် ကူးစက်မြန် အဆုတ်ရောဂါပိုး ဖြစ်သည် Virus ပိုးမွှားဖြစ်သည်။ သက်ရှိ တိရိစ္ဆာန် ဖြစ်သည်။ လူကဲ့သို့ အသိဉာဏ် ဦးနှောက် မရှိသဖြင့် ဘာကိုမျှ သိနားလည်ပေလိမ့်မည် မဟုတ်ပေ။ နိုင်ငံ နယ်နိမိတ်များကို သိမည် မဟုတ်ပေ။ လူမျိုး၊ ဘာသာ၊ ကိုးကွယ်ရာကိုလည်း သိမည် မဟုတ်ပေ။ သမ္မတ၊ ဝန်ကြီး၊ အရာရှိ/အရာခံ၊ နိုင်ငံ့ဝန်ထမ်း၊ အစိုးရ ဝန်ထမ်း၊ ပြည်သူ့ ဝန်ထမ်း၊ အလုပ်သမား၊ ကျပန်း၊ ပြည်သူ၊ ပရဟိတသမား၊ ဘုန်းတော်ကြီး၊ အိမ်မွေးတိရိစ္ဆာန်၊ တောရိုင်းတိရိစ္ဆာန်နှင့် သူဖုန်းစား၊ ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ မိဘမဲ့၊ မုဆိုးမ စသည့်ဖြင့် ဘာကိုမျှ စာနာ နားလည် သနားညှာတာ ကြင်နာတတ်ခြင်းနှင့် ကိုယ်ချင်းစာ တရားများ ရှိလိမ့်မည် မဟုတ်ပေ။
.

COVID-19 သည် အလှူပွဲကို မသိပေ။ ဆန္ဒပြပွဲကို နားမလည်ပေ။ ဆေးရုံ၊ သင်္ချိုင်း၊ ရဲစခန်း၊ တရားရုံးနှင့် အကျဉ်းထောင်များကို စိတ် မဝင်စားပေ၊ ကုန်တိုက်များကိုလည်း ဂရုမထားပေ။ ၎င်းတို့ ရှင်သန်ပေါက်ပွား မျိုးပွားနိုင်ေသာ လူသားပစ်မှတ်များ မှန်သမျှကို ကူးစက်ပြန့်ပွားမည်သာ ဖြစ်ပေသည်။ အမျိုးသမီး၊ အမျိုးသား၊ မသန်စွမ်း၊ ဒုက္ခိတ၊ ဆွံ့အ နားမကြား၊ မျက်မမြင်၊ ရဲ၊ စစ်သား၊ ဝန်ထမ်း၊ အမိန့်၊ အာဏာ၊ ညွှန်ကြားချက်၊ ဥပဒေ ထုတ်ပြန်ချက်၊ အကာအရံ၊ အဆီးအတား၊ ခြံစည်းရိုးနှင့် တံတိုင်းများကို ရှောင်ဖယ်သွားမည်လည်း မဟုတ်ပေ။ ယင်းသည် သက်ရှိ လူသား သတ္တဝါ မှန်သမျှကို တန်းတူညီမျှ ကူးစက်ဖြန့်ဝေ သေကျေ ပျက်စီးစေနိုင်သည်ဆိုသော သတိပေး ခေါင်းလောင်း သံနှင့်  သေခြင်းတရား၏  သာတူညီမျှခြင်း  အာမခံချက်လည်း ဖြစ်ပေလိမ့်မည် ဖြစ်သည်။
.
COVID-19 သည် အလှူပွဲကို မသိပေ။ ဆန္ဒပြပွဲကို နားမလည်ပေ။ ဆေးရုံ၊ သင်္ချိုင်း၊ ရဲစခန်း၊ တရားရုံးနှင့် အကျဉ်းထောင်များကို စိတ် မဝင်စားပေ၊ ကုန်တိုက်များကိုလည်း ဂရုမထားပေ။
COVID-19 သည်ကား လွတ်လပ်စွာ၊ ပွင့်လင်းမြင်သာစွာ၊ တန်းတူ ညီမျှစွာ၊ တရားမျှတစွာ၊ အခွင့်အရေးနှင့် ရပိုင်ခွင့် တူညီစွာဖြင့် ကျား၊ မ၊ ကလေး၊ လူကြီး၊ ဆင်းရဲ၊ ချမ်းသာ၊ အာဏာရှင်၊ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ဘုရင်စနစ်၊ ပါတီကောင်စီ၊ ဒီမိုကရေစီ တို့ကို ခွဲခြားမှု မရှိဘဲ ကြမ်းတပြေးတည်း ထားကာ ဆက်ဆံမည် ဖြစ်ပြီး ခွဲခြား ကူးစက်ခြင်း၊ လာဘ်ပေးလာဘ်ယူမှု ပြုခြင်း၊ အဂတိ လိုက်စားခြင်းတို့ကို ပြုလုပ်ကာ ချို့ယွင်းကာ ကူးစက်မည်လည်း မဟုတ်ပေ။
.
COVID-19 သည် မှတ်ပုံတင်၊ သက်သေခံ လက်မှတ်၊ ထောက်ခံစာ၊ အသိအမှတ်ပြုကတ်ပြား၊ ဗီဇာ၊ ပတ်စ်ပို့၊ အောင်လက်မှတ်များ၊ သင်တန်းဆင်း လက်မှတ်များ၊ ဘွဲ့လက်မှတ်များ မလိုဘဲ၊ မရှိဘဲ ကမ္ဘာမြေပြင်အနှံ့ ချီတက် ခရီးဆက် ဝင်ထွက် သွားလာနိုင်ခြင်းလည်း ရှိသည်။ ယင်းသည် ဤကမ္ဘာမြေပြင်ပေါ်ရှိ လူသားတို့တွင် တိုင်းပြည်နိုင်ငံ၊ နယ်နိမိတ် စည်းမျဉ်း၊ အချုပ်အချာအာဏာ၊ အမျိုးသားရေး၊ ထုံးထမ်းစဉ်လာ၊ ဓလေ့စရိုက်၊ ဇာတ်နိမ့် ဇာတ်မြင့်၊ အဆင့်အတန်း၊ ဆင်းရဲ ချမ်းသာ၊ မျိုးရိုးဇာတိ၊ ဂုဏ်ပကာသန၊ ဥစ္စာပစ္စည်း ပိုင်ဆိုင်မှု၊ အသက်အရွယ်၊ လူမျိုးနွယ်စု၊ ဘာသာတရား၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး တို့သည် ဘာမျှ မဟုတ်ကြောင်း သို့မဟုတ် လူတို့သဘာဝတွင် ကျန်းမာရေးနှင့် ပညာရေးသည် အဓိက ဖြစ်ကြောင်း သို့မဟုတ် လူတို့၏ သတ်မှတ်ချက်များသည် ဘာမျှ မဟုတ်ကြောင်း သို့မဟုတ် ယင်းတို့လို လုံးလုံးလျားလျား တန်ဖိုးမဲ့ ကျဆင်းအောင် ထိုးနှက်တိုက်ခိုက်ခြင်းနှင့် မီးမောင်းထိုး သတိပေးလှစ်ဟပြခြင်းလည်း ဖြစ်နိုင်ပေသည်။
.
ထိုမှတဆင့် ကျန်းမာရေးသည် အလွန်အရေးကြီးကြောင်း သိရှိ လက်ခံကြရပြီး နောက်ပိုင်းတွင် အစားအသောက်နှင့် သန့်ရှင်းသော ရေ၏ တန်ဖိုးကိုလည်း သိရှိလာကြရပေဦးမည် ဖြစ်သည်။ ယင်းသို့သော ကပ်ကြီး သုံးပါးသည် တစ်ပါးနှင့် တစ်ပါး ဆက်စပ် ပတ်သက်လျှက် ရှိရာ အချိန် ကြာလာသည်နှင့်အမျှ၊ မထိန်းချုပ် နိုင်သည်နှင့်အမျှ၊ အစာ ရေစာများ ရှားပါးလာမည်၊ ခေါင်းပါးလာမည် ဖြစ်ပြီး အစားအစာ တစ်ခုနှင့် သောက်စရာ တစ်ခုအတွက် နေအိမ်၊ တိုက်တာ၊ အဆောက်အဦ၊ စိန်၊ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာများ ပေးပြီး ဝယ်ယူသော်လည်း၊ လဲလှယ် ယူသော်လည်း မရနိုင်သည့် အခြေအနေမျိုးတို့ကို ဖန်တီး တတ်ပေသေးသည်။ ထိုအခါ အငတ်ဘေးများ ဆိုက်ရောက် လာနိုင် ပြန်ရာ အစားအသောက်များနှင့် အရင်းအမြစ် များစွာတို့အတွက် ခိုးကြ၊ လုကြ၊ တိုက်ခိုက်ကြ၊ သတ်ဖြတ်ယူငင်ကြ စသည့် ဘေးအန္တရာယ်များကိုပါ ဆက်တိုက် ဆိုသလို ကြုံတွေ့ရင်ဆိုင်ကြရသည့် ကမ္ဘာ့သမိုင်းများစွာ သက်သေ ရှိထားပြီး ဖြစ်သည်မှာ မည်သူ ငြင်းဆန်နိုင်အံ့နည်း။
.
ယင်းပြဿနာ အားလုံးတို့၏ ပင်မရင်းမြစ်သည် လူတို့၏ မတော်မတည့်သော လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ၊ မာနတို့က အစပြု ဖန်တီးခဲ့ခြင်း ဖြစ်ပြီး ထိုသို့သော ပုဂ္ဂိုလ်များ များပြားလာတိုင်း ဤကမ္ဘာမြေကြီးပေါ်တွင် ဘုံပိုင်၊ အများပိုင်၊ ပြည်သူပိုင် သဘာဝသယံဇာတ အရင်းအမြစ်များ၊ သားရဲတိရိစ္ဆာန်များ၊ အင်းဆက် ပိုးမွှားများ၊ အကျိုးပြု ပိုးမွှားများ၊ ဂေဟ စနစ်များကို အလွန်အကြူး ဖယ်ရှား၊ သုတ်သင်၊ သတ်ဖြတ်၊ ခုတ်လှဲ၊ ရှင်းလင်းကာ ကိုယ်ကျိုးစီးပွား ရှာကြံ သိမ်းပိုက် ယူငင် စုဆောင်းကာ မောင်ပိုင်စီး လက်ဝါးကြီးအုပ်၊ ထိန်းချုပ်မှုပြုတိုင်းမှာ ဖြစ်ပေါ်လာမည့် သဘာဝ လောကကြီး၏ နိယာမ ပုံသေကားချ ပုံသေနည်း တစ်ခုပင် ဖြစ်ပေလိမ့်မည်။
.
စုပေါင်း ပိုင်ဆိုင်မှုအဖြစ် မျှဝေ သုံးစွဲကြရမည့် အစား သဘောထား သေးသိမ် တတ်ကြသည့် အချို့သော လူပုဂ္ဂိုလ်များကြောင့် ထွက်ပေါ်လာတတ်သော ဘေးထွက်ဆိုးကျိုး များစွာထဲက တစ်ခုကို ယခု မျက်မှောက်ကာလတွင် မျက်မြင် ကိုယ်တွေ့ ခံစားတွေ့ကြုံနေကြရခြင်း ဖြစ်ကြောင်းကို ကောင်းစွာ သိနားလည် သဘောပေါက်ကြဖို့ရန် အချိန်တန်ပြီလည်း ဖြစ်သည်။
သက်ရှိ အားလုံးတို့သည် သမုဒ္ဒရာ၊ ပင်လယ်၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ဆည်မြောင်း၊ စိမ့်စမ်း၊ ရေတံခွန်၊ တာတမံ၊ လေထုနှင့် မြေထု၊ တော၊ တောင်၊ သစ်ပင် ပန်းမံများကို စုပေါင်း ပိုင်ဆိုင်မှုအဖြစ် မျှဝေ သုံးစွဲကြရမည့် အစား သဘောထား သေးသိမ် တတ်ကြသည့် အချို့သော လူပုဂ္ဂိုလ်များကြောင့် ထွက်ပေါ်လာတတ်သော ဘေးထွက်ဆိုးကျိုး များစွာထဲက တစ်ခုကို ယခု မျက်မှောက်ကာလတွင် မျက်မြင် ကိုယ်တွေ့ ခံစားတွေ့ကြုံနေကြရခြင်း ဖြစ်ကြောင်းကို ကောင်းစွာ သိနားလည် သဘောပေါက်ကြဖို့ရန် အချိန်တန်ပြီလည်း ဖြစ်သည်။
.
COVID-19 သည် လူမှု ပတ်ဝန်းကျင်၊ သဘာဝ ပတ်ဝန်းကျင်မှ တစ်ဦးတစ်ယောက်၊ တစ်ကောင်တမြီး၊ တစ်နိုင်ငံတို့၏ ပြဿနာသည် သက်ရှိအားလုံးတို့၏၊ လူသားအားလုံးတို့၏၊ သတ္တဝါ အားလုံးတို့၏၊ နိုင်ငံအားလုံးတို့၏ လူမျိုးနွယ်စု အားလုံးတို့၏ ကိုးကွယ်ရာ ဘာသာတရား အားလုံးတို့၏ ပြဿနာတစ်ခုသာ ဖြစ်ကြောင်း ကောင်းကောင်း ဆုံးမသြဝါဒ ပေးလျက် ရှိသည်။ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ တရုတ်လူမျိုးတို့၏ ပြဿနာကလေးသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာသာ ဖြစ်ကြောင်းကို ၎င်းက သက်သေ သာဓက များစွာတို့ဖြင့် ကောင်းကောင်း သင်ခန်းစာ ပေးနေခြင်းလည်း ဖြစ်သည်။
.
လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာအရေး၊ ပြည်တွင်းရေးတို့ကို အားလုံး ရပ်တန့်သွားစေနိုင်သည့် အုပ်ချုပ်ရေး ယန္တရားများစွာတို့ကို သေနတ် တစ်ချက်၊ မီးတစ်ပွင့်၊ ဓါးတစ်လက်မျှ မလိုဘဲ ပျက်ဆီး၊ ပျက်သုန်း၊ ရပ်တန့်သွားစေနိုင်ခြင်းသည် ကျန်းမာရေးဖြစ်ကြောင်းကို အတိအလင်း ကြေညာ ဖွင့်ဟခြင်းလည်း ဖြစ်သည်။
.
သို့သော်လည်း လူသားတို့သည် သတိ၊ ပညာ၊ အမှတ်သညာ မရှိသည့် သက်ရှိသတ္တဝါများ ဖြစ်သည့် အလျှောက် ဆေးဝါးနှင့် ကုသကယ်ဆယ်ရေး စနစ်များကို ရှာဖွေ ဖော်ထုတ် ဖန်တီးပြီး ခုခံ ကာကွယ် တိုက်ခိုက် အနိုင် ယူကြပါလိမ့်ဦးမည်။ ထို့နောက် မှတ်တမ်းတွေ ပြုစုကြ၊ သုတေသနပြုကြ၊ ဝမ်းနည်းခြင်း အထိမ်းအမှတ်တွေ ပြုလုပ်ကြ၊ ယခင်အတိုင်း နိုင်ငံများ၊ လူမျိုးများ၊ ကိုးကွယ်ရာ ဘာသာတရားများ၊ စာပေများ၊ ယဉ်ကျေးမှုများ၊ ဓလေ့ စရိုက်များ၊ အသားအရောင်များ ကွဲပြား ခြားနားစွာ ခွဲခြား ဆက်ဆံကြပါဦးမည်။ ဆင်းရဲ၊ ချမ်းသာ၊ ဂုဏ်သိက္ခာ၊ အမျိုးဂုဏ်၊ အဆင့်အတန်းတို့ကို အမီပြုပြီး မတူကွဲပြား ခြားနား ပြကြပါလိမ့်ဦးမည်။ ယခင် လမ်းဟောင်း လမ်းရိုးကြီး အတိုင်း စည်းလုံး ညီညွတ်ခြင်း မဲ့စွာ ယှဉ်ပြိုင် တိုက်ခိုက် အနိုင်ယူ သိမ်းပိုက်ကြပါလိမ့်ဦးမည်။
.
လောဘ ကြီးသူတွေ၊ ဒေါသ ကြီးသူတွေ၊ မောဟ မသိမှုကြီးသူတွေ၊ အတ္တ ကြီးသူတွေ၊ မာန ကြီးသူတွေကို မွေးထုတ်ကြသည့် လူမှုပတ်ဝန်းကျင် ဆိုးကြီးကို အကောင်အထည် ဖော်ဆောင်ကြပါလိမ့်ဦးမည်။ ထိုအခါ ယခုလို ကပ်ဘေး အန္တရာယ်များ  ထပ်မံ ဖြစ်ပေါ်လာပါလိမ့်ဦးမည်။  ကြောက်လန့်  တုန်လှုပ်  သွေးပျက်ကြပါလိမ့်ဦးမည်။
.
လောဘ ကြီးသူတွေ၊ ဒေါသ ကြီးသူတွေ၊ မောဟ မသိမှုကြီးသူတွေ၊ အတ္တ ကြီးသူတွေ၊ မာန ကြီးသူတွေကို မွေးထုတ်ကြသည့် လူမှုပတ်ဝန်းကျင် ဆိုးကြီးကို အကောင်အထည် ဖော်ဆောင်ကြပါလိမ့်ဦးမည်။
ယင်းသံသရာ စက်ဝန်းကြီး အခါခါလည်ပတ်နေရခြင်းသည် လူသားတို့၏ ကိုယ့်ပေါင်ပေါ် မီးကျမှ ပူတတ်ခြင်း၊ ကိုယ့်ပြဿနာမှ ပြဿနာဟု ထင်မြင်ယူဆခြင်း၊ လောကကြီးတွင် အရာအားလုံး ပတ်သက် ဆက်စပ်နေမှုကို လစ်လျူ ရှုထားခြင်း၊ လူမှုပတ်ဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင်ကို ဥပေက္ခာပြု လစ်လျူရှုထားခြင်း၊ ခွဲခြား ဆက်ဆံလိုမှု၊ အခွင့်ထူးခံ ယူလိုမှု၊ လက်ဝါးကြီး အုပ်လိုမှု၊ မောင်ပိုင် စီးလိုမှုတို့၏ အကျိုးတရား အကြောင်းတရား သက်သေပြချက်များ ဖြစ်ပါကြောင်း ဆွေးနွေး တင်ပြလိုက်ရပါသည်။

No comments:

Post a Comment

Journal Download

Photo of three cats