.
ရှမ်းပြည်နယ်
အတွင်းရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများအား မေလ ၁၆ ရက်မှ စတင်၍ ပြန်လည် ဖွင့်လှစ်ခွင့်
ပြုမည် ဖြစ်ပြီး သတ်မှတ်ထားသော စည်းကမ်းချက်များအား လိုက်နာမှု မရှိပါက လိုင်စင်
ပိတ်သိမ်းသည်အထိ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။
.
“
ဟိုတယ်တွေ ဖွင့်မယ်ဆိုရင်၊ မေလ ၁၅ ရက် နောက်ပိုင်း ဖွင့်မယ်ဆိုရင် ဟိုတယ်/ခရီး ညွန်ကြားရေးဦးစီးဌာန
သက်ဆိုင်တဲ့ ရုံးတွေကို အကြောင်းကြားပေါ့။ ဟိုတယ်တွေက ဘယ်ရက် ဖွင့်ချင်တယ်ဆိုရင် ရှမ်းပြည်နယ်အစိုးရအဖွဲ့က
တာဝန်ပေးထားတဲ့ ဟိုတယ်နဲ့ ခရီးသွား ညွှန်ကြားရေးဦးစီးဌာနက အဖွဲ့ခေါင်းဆောင်၊ ပြည်သူ့ကျန်းမာရေး
ဦးစီးဌာနက အဖွဲ့ဝင် တစ်ဦး၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနက
အဖွဲ့ဝင် တစ်ဦး ပါတဲ့ စစ်ဆေးရေးအဖွဲ့က စစ်ရမယ်။ စည်းကမ်းနဲ့အညီ စစ်ဆေးပြီးရင် ဖွင့်လို့ရပြီ”ဟု
ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒေါ်နန်းမြင့်က ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
သက်ဆိုင်ရာ
ဌာနများက COVID -19 ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွန်ကြားချက်များအား
တသွေမတိမ်း လိုက်နာမည် ဆိုပါက ဟိုတယ်/တည်းခိုခန်းများအား ဖွင့်လှစ်ခွင့် ပေးမည်
ဖြစ်ကာ ယင်း ညွှန်ကြားချက်များအား လိုက်နာခြင်း မရှိပါက လုပ်ငန်းလိုင်စင် ပိတ်သိမ်းသည်အထိ
အရေးယူမည် ဖြစ်ကြောင်း စာ ထုတ်ထားသည်ဟုလည်း ၎င်းက ဆက်လက် ပြောကြားသည်။
.
ဟိုတယ်နှင့်
တည်းခိုရိပ်သာများ ပြန်လည် ဖွင့်လှစ်လိုပါက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏
စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ လိုက်နာရန် အချက်များနှင့် ရှမ်းပြည်နယ်ဒေသဆိုင်ရာ
ခရီးသွားလုပ်ငန်း ကော်မတီ၏ COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ လိုက်နာရန်အချက်များကို
လုပ်ငန်းရှင်များ အနေဖြင့် ကြိုတင် ပြင်ဆင်ထားကြရမည် ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်း၌
COVID-19 ရောဂါကာကွယ် ထိန်းချုပ်ကုသနိုင်ရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ
လိုင်စင် ရယူထားသော ဟိုတယ်နှင့် တည်းခိုရိပ်သာများအား မေလ ၁၅ ရက်အထိ ယာယီ ပိတ်ထားရန်
ရှမ်းပြည်နယ်အစိုးရက ညွှန်ကြားထားပြီးနောက် ပြန်လည်ဖွင့်လှစ်လိုသော ဟိုတယ်/တည်းခိုရိပ်သာများ
အနေဖြင့် စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးမှုများအား ခံယူပြီး သတ်မှတ်စည်းကမ်းချက်များနှင့်
အညီ ဖွင့်လှစ်ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။