Home Garden စီမံချက်ဖြင့် ရှမ်းပြည်နယ်အတွင်းရှိ အိမ်ထောင်စု တစ်သိန်းခွဲခန့်ကို မျိုးစေ့၊ မြေဩဇာများ ဖြန့်ဖြူးပေး သွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

Home Garden စီမံချက်ဖြင့် ရှမ်းပြည်နယ်အတွင်းရှိ အိမ်ထောင်စု တစ်သိန်းခွဲခန့်ကို မျိုးစေ့၊ မြေဩဇာများ ဖြန့်ဖြူးပေး သွားမည်


မော်မော်
.
ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်အတွင်းရှိ မြို့နယ် ၁၂ ခုတွင် Home Garden စီမံချက်ဖြင့် အိမ်ထောင်စု ပေါင်း တစ်သိန်းခွဲခန့်အား မျိုးစေ့၊ မြေဩဇာနှင့် စိုက်ပျိုးရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဖြူးပေးသွား မည်ဖြစ်သည်ဟု သိရသည်။
.
 
.
“COVID-19 ဖြစ်တဲ့အချိန်မှာ လူတွေ အပြင်မထွက်ဘဲ မိမိနေအိမ်မှာ နေရတဲ့ကာလဖြစ်ပါတယ်။ ဒါ့အပြင် ဈေးသွားရတဲ့ ကိစ္စတွေလည်း သက်သာအောင် ဆိုပြီးတော့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်အရ စိုက်ပျိုးရေးဦးစီးဌာနနဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီးတော့ Home Garden စီမံချက်ကို အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
COVID-19 ကာလအတွင်း ဒေသခံပြည်သူများ မိမိတို့နေအိမ်ခြံဝင်းအတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်စေရန်၊ လူစုလူဝေး ရှောင်ရှားနိုင်ရန်အတွက် ဈေးမသွားဘဲ သန့်ရှင်းလတ်ဆတ်၍ အာဟာရပြည့်ဝသော ဟင်းသီးဟင်းရွက် သစ်သီးဝလံများကို စားသုံးနိုင်စေရန်နှင့် Home Stay နေထိုင်စဉ် ကိုယ်လက်လှုပ်ရှားမှုနှင့် ကျန်းမာပျော်ရွှင်မှု ရရှိနိုင် စေရန်အတွက် ယင်းကဲ့သို့ မျိုးစေ့နှင့် မြေဩဇာများကို ဖြန့်ဖြူးပေးခြင်းဖြစ်သည်ဟု သိရသည်။
.
ထိုသို့ ဖြန့်ဖြူးပေးရာတွင် ရှမ်းပြည်နယ်အတွင်းရှိ တောင်ကြီး၊ လွိုင်လင်၊ လင်းခေး၊ လားရှိုး၊ ကျောက်မဲ၊ မူဆယ်၊ မိုးမိတ်၊ လောက်ကိုင်၊ ဟိုပန်၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ်မြို့များရှိ အိမ်ထောင်စု ၁၄၉၄၁၆ စုအား မျိုးစေ့ ၃၇၉၃၆၀ ထုတ်၊ မြေဩဇာ ၁၅၂၃၅၀ အိတ်နှင့် လက်ကမ်းစာစောင် ၁၀၀၃၄၀ တို့ကို ဖြန့်ဝေပေးသွားမည်ဖြစ်သည်ဟု သိရသည်။
.
Home Garden စီမံချက်အရ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် အပတ်စဉ် ကြာသပတေးနေ့နှင့် စနေနေ့တိုင်း၊ ကျန်မြို့နယ်များတွင် အပတ်စဉ် စနေနေ့တိုင်း သခွား၊ ချဉ်ပေါင်၊ ရုံးပတီ၊ ငရုတ်၊ ပဲမျိုးစုံ၊ မုံညှင်း၊ ဆလပ်၊ ရွှေပဲရွက်၊ ကြက်ဟင်းခါးသီး၊ ဟင်းနုနွယ်၊ ကန်စွန်း၊ နံနံပင်၊ မုန်လာထုပ်၊ ခရမ်းသီး၊ ခရမ်းချဉ်သီး အစရှိသည့် သီးနှံပျိုးပင်များ မျိုးစေ့များကို ပျိုးပင်၊ မျိုးစေ့၊ မြေဩဇာနှင့် လက်ကမ်းစာစောင်များကို ပြည်သူလူထု လက်ဝယ်အရောက် လိုက်လံဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
.
အဆိုပါ ထောက်ပံ့မှုအတွက် မျိုးစေ့ဖိုး ငွေကျပ် ၁၈၉၆၈၀၀၀ ကျပ်၊ မြေဩဇာ ၁၅၂၃၅၀၀၀ ကျပ်နှင့် လက်ကမ်း စာစောင်အတွက် ၆၀၂၂၀၄၀၀ ကျပ်၊ စုစုပေါင်း ၄၀၂၂၃၄၀၀ ကျပ် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး စိတ်ပါဝင်စားသူ၊ တောင်သူများ၊ ပြည်သူများ၊ အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုအား ပိုမိုကောင်းမွန်လာပါက တိုးချဲ့ဆောင်ရွက်သွား မည် ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats