တောင်ကြီးတွင် Home Garden စိုက်ပျိုးရန်မျိုးစေ့ နှင့်ပျိုးပင်များအခမဲ့ဖြန့်ဝေပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် Home Garden စိုက်ပျိုးရန်မျိုးစေ့ နှင့်ပျိုးပင်များအခမဲ့ဖြန့်ဝေပေး

မောင်မောင်သန်း (တောင်ကြီး)

.

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့တွင် ယနေ့ မေလ ၆ ရက်၊ နံနက်ပိုင်းက မီးဖိုချောင်သုံး စားပင်သီးပင်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်များ ဝေငှပေးခဲ့ကြောင်း သိရသည်။

.


.

COVID-19 ရောဂါဖြစ်ပွားနေသည့်ကာလတွင် လူစုလူဝေးရှောင်ရှားရမည့်ကာလများဖြစ်သဖြင့် မီးဖိုချောင်သုံး စားပင်သီးပင်များအတွက် တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် လူဦးရေထူထပ်သည့်စျေးများသို့ သွားရောက်ဝယ်ယူခြင်းကို လျှော့ချနိုင်ရေးအတွက် ယင်းကဲ့သို့ ဖြန့်ဝေပေးခြင်းဖြစ်ပြီး တောင်ကြီးမြို့ပေါ်ရပ်ကွက် ၅ ခုဖြစ်သော သစ်တောရပ်ကွက်၊ ကျောင်းကြီးစုရပ်ကွက်၊ ကံကြီးရပ်ကွက်၊ ရေအေးကွင်းရပ်ကွက်၊ ဘုရားဖြူရပ်ကွက်တို့ကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

.

ထိုသို့ ဖြန့်ဝေရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးစိုင်းလုံကျော်မှ ဦးဆောင်ကာ ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ပြည်နယ်/ ခရိုင်/ မြို့နယ်တို့မှ ပြည်နယ်မှူးနှင့် တာဝန်ရှိဝန်ထမ်းများက တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ အရှေ့မြို့ပတ်လမ်းတစ်လျှောက်ရှိ ပြည်သူများအား ချဉ်ပေါင်၊ ကြက်ဟင်းခါးသီး၊ ခရမ်းကသော့(ဖြူ)၊ ပြောင်းချို၊ နံနံ၊ ကန်စွန်မျိုးစေ့၊ တိုင်ထောင်ပဲ၊ မုန်ညင်းဖြူ၊ မုန်ညင်းထုပ်၊ ကော်ဖီထုပ်၊ သခွာသီးစသည့် မျိုးစေ့များ၊ ကြက်သွန်နီ၊  ပူစီနံပျိုးပင်များနှင့် လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေး ကြောင်းသိရသည်။

.

ကမ္ဘာ့နိုင်ငံအများအပြားတွင် COVID-19 ရောဂါဖြစ်ပွားနေချိန်၌ အပြင်မထွက်ရ စည်းကမ်းချက်များ သတ်မှတ် ထားသော ကာလအတွင်း မိမိနေအိမ်တွင်နေထိုင်ပြီး မီးဖိုချောင်သုံးစားပင်သီးပင်များကို စိုက်ပျိုးနိုင်ခြင်းဖြင့် သြဂဲနစ်စိုက်ပျိုးရေးနည်းစနစ်ကို ကျင့်သုံးသည့် အလေ့အကျင့်ဖြစ်စေရန်နှင့် စျေးသွားရသည့် ဒုက္ခမှကင်းဝေးရန် ရည်ရွယ်ပြီး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ Home Garden ဆောင်ရွက်ခြင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဧပြီလက လမ်းညွှန်မှာကြားခဲ့ခြင်းဖြစ်ပြီး မျိုးစေ့ပျိုးပင်များကို မှာယူကာ သင်္ကြန်ကာလအတွင်း ပျိုးထောင်ပြီး မျိုးစေ့နှင့်ပျိုးပင်များ အခမဲ့ဖြန့်ဝေခြင်းကို ရှမ်းပြည်နယ်အတွင်း တစ်ပြိုင်တည်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

.

ထို့အပြင် ယနေ့ ဖြန့်ဝေမှုတွင် မျိုးစေ့ပျိုးပင်များ မရရှိသည့် ပြည်သူများ စိတ်ပူရန် မလိုအပ်ဘဲ လာမည့် သီတင်းပတ်များတွင်လည်း အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကာ မိမိအိမ်တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလိုပါက စိုက်ပျိုးရေးဦးစီးဌာနတွင် မျိုးစေ့နှင့်နည်းပညာများ လာရောက်တောင်းယူနိုင်ပါကြောင်း သိရသည်။

.

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှလည်း Home Garden စိုက်ပျိုးနိုင်ရေး အောင်မြင်နိုင်ရန် လိုအပ်သည့် ရန်ပုံငွေများကို ထောက်ပံ့ပေးလျက်ရှိကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ထံက သိရသည်။

.

Journal Download

Photo of three cats