စုလှိုင်
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၂၀) ကို
လာမည့် မေလ ၁၈ ရက်တွင် စတင် ပြုလုပ်သွားမည်ဖြစ်ပြီး လွှတ်တော်လေ့လာရေး လာရောက်သူများကို
တက်ရောက်ခွင့် မပြုထားကြောင်း သိရသည်။
.
.
“လေ့လာရေးအဖွဲ့တွေက အရင်က အပေါ်ထပ်မှာပဲ ထားတာပါ။ Social
Distancing လုပ်တဲ့အခါ လွှတ်တော် ကိုယ်စားလှယ်တွေက အဲဒီအပေါ်ကို ရောက်သွားမယ်။ ဒီတော့
လေ့လာသူတွေကို နေရာမပေးနိုင်လို့ အခုလို ထုတ်ပြန်တာပါ။ လွှတ်တော်အစည်းအဝေးက ၂ ရက်ပဲ
လုပ်မှာပါ။ မေးခွန်း၊ အဆိုတွေ မပါဘူး။ BE (ရသုံးမှန်းခြေ ငွေစာရင်း လျာထားချက်) အတွက်
လုပ်မှာပါ” ဟု ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်က ကမ္ဘောဇတိုင်း သို့
ပြောသည်။
ယင်းကဲ့သို့ လွှတ်တော်အစည်းအဝေး ကျင်းပရာတွင် COVID -19 ကပ်ရောဂါ
ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးနှင့်တစ်ဦးအကြား ၆ ပေခြားစီဖြင့်
အောက်ထပ်တွင် ၉၂ ဦးနှင့် အပေါ်ထပ်တွင် ၂၇ ဦး တို့ကို နေရာချသွားပေးမည်ဖြစ်သဖြင့် လေ့လာရေးအဖွဲ့များအတွက်
နေရာချထားပေးနိုင်ရှိမှု မရှိခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် လွှတ်တော်အစည်းအဝေးတွင် သတင်းမီဒီယာများအား ပုံမှန်အတိုင်း
သတင်းရယူနိုင်ရန် စီစဉ်ဆောင်ရွက် ပေးထားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏
အကူအညီဖြင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
.
"၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်းတွေ ဆွေးနွေးဖို့
မဖြစ်မနေလုပ်ရမှာဖြစ်လို့ အခက်အခဲကြားက အစည်းအဝေး ခေါ်ယူလိုက်တာပါ” ဟု ဦးစဝ်အောင်မြတ်က
ဆက်လက် ပြောဆိုခဲ့သည်။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် သက်တမ်းအတွင်း ပုံမှန်အစည်းအဝေး
၁၈ ကြိမ်၊ အရေးပေါ် အစည်းအဝေး ၄ ကြိမ်နှင့် အထူးအစည်းအဝေး ၁ ကြိမ် စုစုပေါင်း လွှတ်တော်
အစည်းအဝေး ၂၃ ကြိမ် ကျင်းပ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.