ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာကို ဆက်သွယ်ပေးထားသည့် လမ်းအား ကတ္တရာလမ်းအဖြစ် အဆင့် မြှင့်တင်ပေးရန် ဒေသခံများ လိုလား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, May 25, 2020

ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာကို ဆက်သွယ်ပေးထားသည့် လမ်းအား ကတ္တရာလမ်းအဖြစ် အဆင့် မြှင့်တင်ပေးရန် ဒေသခံများ လိုလား


ခွန်ရဲထွေး (ဆီဆိုင်)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ကုန်းဆွတ်ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာ ၁၁ ရွာကို ဆက်သွယ်ထားပြီး လယ်ယာမြေ ၁၆၂၄ ဧကကို အကျိုးပြုနေသည့် မကောက်ကျေးရွာလမ်း အား ရေရှည်အသုံးပြုနိုင်သော ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် ဒေသခံများမှ လိုလားလျက်ရှိကြောင်း သိရသည်။


.
ဆီဆိုင်မြို့နယ်၊ ကုန်းဆွတ်ကျေးရွာ အုပ်စုအတွင်းရှိ သပြေကုန်းကျေးရွာ၊ မကောက်(ရှေ့)ကျေးရွာ၊ မကောက်(နောက်)ကျေးရွာ၊ နန်းတောင်း ကျေးရွာ၊ ကုန်းဆွတ်ကျေးရွာ၊ နောင်ယွေး(ရှေ့)ကျေးရွာ၊ နောင်ယွေး (နောက်)ကျေးရွာ၊ မြေနီကျေးရွာ၊ နောင်လိတ်ကျေးရွာ၊ တောင်သာကျေးရွာ၊ လာဇရူးကျေးရွာနှင့် တရောက်(ခ)ပင်လေကျေးရွာများသို့ ဆက်သွယ်ထားသော ဆီဆိုင်မြို့နှင့် မကောက်ကျေးရွာလမ်း ၄ မိုင် ၆ ဖာလုံကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် မြင့်မိုရ်လွင် ကုမ္ပဏီမှ ဖောက်လုပ်ပေးခဲ့သော မြေသားလမ်းအမျိုးအစားမှာ လက်ရှိတွင် ရေတိုက်စားပြီး မြေသားများ အက်ကွဲ၍ ရေစီးမြောင်းများဖြစ်ကာ ဒေသခံပြည်သူများအတွက် မိုးတွင်းကာလတွင် ဆီဆိုင်မြို့သို့ ၀င်/ထွက်သွားလာရာ၌ ကြီးစွာသောအခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့လျက်ရှိကြောင်း ဒေသခံပြည်သူများ ထံမှ သိရသည်။
.
“ဒီလမ်းလုပ်တာက ၂၀၁၅ ခုနှစ်ကပေါ့  ၅ နှစ်ရှိပြီ အထူးသဖြင့် မိုးတွင်းကာလမှာ သွားလာရအတော် ခက်ခဲတယ်၊ မွေတော်ရွှေဟင်္သာဘုရားနား ကုန်းအတက်၊ အဆင်းနေရာမှာ တော်တော်လေးပျက်စီးနေပြီ ရေတိုက်စားတာလဲ မြောင်းတွေဖြစ်ကုန်ပြီ။ ကုန်ပါတဲ့ထော်လာဂျီဆို ကုန်းတက်တဲ့နေရာလေးမှာ တိုက်ရိုက်မတက်နိုင်ဘဲ Back နဲ့ ဆုတ်တက်ရတယ်။ ဖြစ်နိုင်သလောက် ပြည်သူတွေရေရှည်အသုံးပြုနိုင်တဲ့ ကတ္တရာလမ်းခင်းပေးစေချင်တယ် ၄ မိုင် ၆ ဖာလုံကို မရရင်တောင် အခက်အခဲရှိတဲ့ ကုန်းအတက်၊ အဆင်းနေရာလေးကိုတော့ ပြုပြင်ပေးစေချင်တယ် ဟု မကောက်ကျေးရွာနေ တောင်သူ ဦးစိုင်းဆံမောင်က ပြောသည်။
.
အဆိုပါ လမ်းကို အသုံးပြု၍ နှစ်စဉ် နိုဝင်ဘာလမှ ဧပြီလအထိ အစေ့ထုတ်ပြောင်း၊ စပါး၊ မြေပဲ၊ ပဲစင်းငုံ၊ ကြက်သွန်ဖြူ အစရှိသည့် သီးနှံများကို နေ့စဉ် ကုန်ချိန် ၄၀၀၀၀ မှ ၅၀၀၀၀ အထိ ဖြတ်သန်းသွားလာနေကြခြင်းဖြစ်ကြောင်း ၎င်းထံက သိရသည်။
.
ထို့အတူ ကုန်းဆွတ်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးကောလီကလည်း “နှစ်စဉ်နှစ်တိုင်း ပြည်သူတွေ ကိုယ့်အားကိုယ်ကိုးပြီး ပြန်ပြုပြင်နေရတယ်။ ဒီမိုးတွင်းမပြင်ရင် သွားလာလို့အဆင်မပြေတော့ဘူး မိုးရွာရင် မွေတော်ရွှေဟင်္သာဘုရားနား ကုန်းအတက်၊ အဆင်းနေရာက တော်တော်ခက်တယ် လမ်းချော်တယ် မိုးတွင်း၊ ဆောင်းတွင်းဆို ကုန်တင်တဲ့ထော်လာဂျီ မတက်နိုင်ဘူး တဘက်ကျေးရွာအုပ်စုအတွင်းရှိ မဲဟဲကျေးရွာကို သွားတဲ့လမ်းလွဲကနေသွားရတော့ ၂၅ မိနှစ်လောက်သွားရတဲ့ခရီးကို အချိန်တစ်နာရီခန့် ကြန့်ကြာသွားတယ် နီးလျက်နဲ့ဝေးသွားတာပေါ့ ဟု ပြောဆိုခဲ့သည်။
.
အဆိုပါလမ်းသည် ဒေသခံပြည်သူများအတွက် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အစရှိသဖြင့် ဆက်သွယ်သွားလာ ရသော လမ်းဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အခြားသောသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများအတွက် အဓိကအားထားရသော စိုက်ပျိုးရေးသီးနှံထုတ်ကုန်လမ်းဖြစ်ရာ မြေသားလမ်းအဆင့်မှ ပြည်သူများရေရှည် အသုံးပြုနိုင်သော ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးရန် မျှော်လင့်လျက်ရှိကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
.
ယင်းလမ်းကို အိမ်ခြေ ၄၉၆၊ လူဦးရေ ၂၅၀၁ ဦးခန့် အသုံးပြုလျက်ရှိပြီး လယ်ယာမြေ ၁၆၂၄ ဧကခန့်ရှိပြီး ကုန်းဆွတ် ကျေးရွာအုပ်စုသည်  လယ်ယာစိုက်ပျိုးရေးကိုသာ စီးပွားရေးအဖြစ် အားကိုးအားထား ပြုရသော ကျေးရွာအုပ်စုဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About