ဆီဆိုင်မြို့ရှိ တပ်သိမ်းမြေပေါ်တွင် ဝင်ရောက်ထွန်ယက်သော လယ်ထွန်စက် ၁၄ စီးအား ရဲစခန်းမှ သိမ်းဆည်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, May 30, 2020

ဆီဆိုင်မြို့ရှိ တပ်သိမ်းမြေပေါ်တွင် ဝင်ရောက်ထွန်ယက်သော လယ်ထွန်စက် ၁၄ စီးအား ရဲစခန်းမှ သိမ်းဆည်း


နန်းဝင်းရီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ တပ်မတော်မှ သိမ်းဆည်းထား သော မြေဧက ၁၉၀၀ ပေါ်တွင် ဝင်ရောက်ထွန်ယက်လုပ်ကိုင်သည့် လယ်ထွန်စက် ၁၄ စီးအား ဆီဆိုင်မြို့မရဲစခန်းမှ ယနေ့ မေလ ၃၀ ရက်တွင် သိမ်းဆည်းသွားခဲ့သည်ဟု သိရသည်။
.
ဓါတ်ပုံ - ဦးစံဝင်းမောင်
.
“ဒီနေ့တော့ အဖမ်းခံရတယ်လို့လည်း မဟုတ်သေးဘူး။ စက်ကိုတော့ လောလောဆယ် သူတို့ အသိမ်းပြထားတယ်။ လယ်ထွန်စက်က ၁၄ စီးပါ။ တောင်သူတွေက ဘာလို့ ရဲစခန်းကို သွားအပ်တာလဲဆိုတော့ နဂိုက အဲဒီမှာသိမ်းဖို့ပဲ။ ကားနဲ့ တင်ရင် ပဲ့ရင် ရွဲ့ရင် ပစ္စည်းတစ်ခုခု ချို့ယွင်းခဲ့ရင် အလျော်တောင်းပြန်ရင်လည်း သူတို့က ပေးမှာမဟုတ်ဘူး။ သူတို့သိမ်းတဲ့အတိုင်းပဲ ပစ္စည်းစုံစုံလင်လင်နဲ့ သွားပို့တာပါ။ လူကို မဖမ်းသေးဘူး။ တောင်သူတွေကလည်း ထပ်စိုက်ဖို့တော့ အရမ်းအခက်အခဲ ဖြစ်နေပြီ။ ကျွန်တော် အုပ်ချုပ်ရေးမှူးတစ်ယောက်အနေနဲ့ ပြည်သူတွေအတွက် ဘယ်လိုစဉ်းစားရမှန်းတောင် မသိပါဘူး” ဟု ဆီဆိုင်မြို့နယ်၊ ပင်စုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးခွန်အောင်သိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်သူများအနေဖြင့် အဆိုပါ လယ်ထွန်စက် ၁၄ စီးအား ပြန်လည်ရယူလိုပြီး ယခုအခါ စိုက်ပျိုးရာသီ ဖြစ်သည့် အတွက် ပြန်လည်စိုက်ပျိုးလိုကြကြောင်း ပြောဆိုလျက်ရှိသည်။
.
“တောင်သူတွေက ဆက်ပြီး အရေးယူခံရမယ့် သဘောဖြစ်နေတယ်။ ဒါပေမဲ့ တောင်သူတွေမှာလည်း ဒီနေရာကလွဲရင် ဘယ်မှာမှ စိုက်ပျိုးစရာ နေရာမရှိပါဘူး” ဟု ဦးခွန်အောင်သိန်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ လယ်ထွန်စက်များ သိမ်းဆည်းခံရမှုနှင့် ပတ်သက်၍ တောင်သူတစ်ဦးက “ကျွန်တော်တို့ မြေတွေကို သွားစိုက်တာပါ။ လယ်ထွန်စက်တွေက ငှားထားတာဆိုတော့ မပွန်းပဲ့စေချင်ဘူး။ ကျွန်တော်တို့ ငှားထားတဲ့ စက်တွေကို  မြန်မြန်ပြန်ရချင်တယ်။ နှစ်တိုင်းစိုက်နေကြဆိုတော့ စိုက်ပျိုးချိန်ဖြစ်တော့ စိုက်ချင်တယ်။ တာဝန်ရှိသူတွေကို ကွင်းဆင်းကြည့်စေချင်တယ်” ဟု ပြောဆိုခဲ့သည်။
.
ထို့အတူ တောင်သူများဘက်မှ လိုက်ပါကူညီဆောင်ရွက်နေသူ ဦးစံဝင်းမောင်ကလည်း “အခု ပြဿနာတက်တာက လမ်းရဲ့ အနောက်ဘက်က ဧက ၁၉၀၀ ပါ။ ရဲစခန်းကတော့ အမှုဖွင့်ထားတယ်။ ဒီမြေမှာ ဝင်ရောက်ထွန်ယက်နေတဲ့ စက် ၁၄ စီးကိုတော့ တောင်သူတွေကိုယ်တိုင် စခန်းကို ပို့ပေးရတာပေါ့” ဟု ပြောသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သီဟန်အား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် “ထွန်စက်တွေတော့ စခန်းမှာ သိမ်းထားတယ်။ တပ်ကလည်း သူတို့ပိုင်ဆိုတော့ အငြင်းပွားကြတာပါ။ ကျွန်တော်တို့ အနေနဲ့ကတော့ ပြောစရာမရှိပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
ယင်းကဲ့သို့ တပ်သိမ်းမြေပေါ်တွင် ဝင်ရောက်ထွန်ယက်လုပ်ကိုင်စိုက်ပျိုးသည့် တောင်သူ ၁၄ ဦးကို ဆီဆိုင်မြို့မရဲစခန်း တွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၄၇ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About