စုလှိုင်
.
ရှမ်းပြည်နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား လာမည့် ဇွန်လအတွင်း
H1N1 ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း
ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
.
.
“ဒီလကုန်လောက် ဆိုရင် ရာသီတုပ်ကွေး လာတော့မယ်။ မနှစ်ကလည်း ဇူလိုင်လလောက်က
ရာသီတုပ်ကွေး အမြင့်ဆုံး ဖြစ်ခဲ့တယ်။ အခုက လူတိုင်းအတွက်တော့ မဟုတ်သေးဘူး။ ကျန်းမာရေးဝန်ထမ်းတွေကို
ဒီဇွန်လယ် လောက်မှာ H1N1 ကာကွယ်ဆေး ထိုးပေးနိုင်ဖို့ စီစဉ်ထားပါတယ်” ဟု ရှမ်းပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ
ဒေါက်တာနှင်းအိဖြူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
နှစ်စဉ် မိုးရာသီကာလဖြစ်သော ဇွန်လ၊ ဇူလိုင်လများသည် H1N1 ရာသီတုပ်ကွေးရောဂါ
ဖြစ်ပွားမှု အများဆုံးကာလ ဖြစ်သည့်အတွက် ကာကွယ်ဆေးထိုးနှံပေးရန် လိုအပ်ပြီး အသက်အရွယ်ကြီးရင့်သူများနှင့်
ကိုယ်ဝန်ဆောင်များကို လည်း ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း
၎င်းထံက သိရသည်။
.
H1N1 ခေါ် ရာသီတုပ်ကွေးရောဂါ၏ လက္ခဏာများမှာ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊
လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ ကိုယ်လက် နာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊
ချမ်းတုန်ဖျားခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း စသော လက္ခဏာ များ ဖြစ်ပွားတတ်ပြီး အန်ခြင်း၊
ဝမ်းလျှောခြင်း စသော လက္ခဏာများလည်း တွေ့နိုင်ကာ ရောဂါပိုး ဝင်ရောက်ချိန်မှ ရောဂါလက္ခဏာ
ပြသချိန်အထိ တစ်ရက်မှ ၅ ရက်အထိ ကြာမြင့်တတ်ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ မိုးရာသီကာလအတွင်းက မြန်မာတစ်နိုင်ငံလုံး
အတိုင်းအတာဖြင့် ရာသီတုပ်ကွေးရောဂါ H1N1 ပိုးတွေ့လူနာ ၂၃၀ ဦး ရှိခဲ့ပြီး သေဆုံးသူ ၂၃
ဦးခန့် ရှိခဲ့ကာ ရှမ်းပြည်နယ်အတွင်း၌ ရောဂါပိုး တွေ့ရှိသူ ၁၅ ဦးခန့် ရှိခဲ့ပြီး သေဆုံးသူ
မရှိခဲ့ကြောင်း သိရသည်။
.