နန်းဝင်းရီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ဆီဆိုင်မြို့နယ်အတွင်းရှိ တပ်မတော်မှ သိမ်းဆည်း ထားသည့် မြေဧက ၃၀၀ နှင့် ပတ်သက်၍ ခရိုင်လယ်ယာမြေနှင့်
အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီ၏ လာရောက်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးမှုအပေါ်
ဒေသခံတောင်သူများက ကျေနပ်မှု မရှိကြောင်း သိရသည်။
.
.
ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မေလ ၂၂ ရက်က
မြေသိမ်းခံ တောင်သူများ၊ တပ်မတော်ဘက်မှ တာဝန်ရှိသူများနှင့် ရှမ်းပြည်နယ်အစိုးရမှ တာဝန်ပေးအပ်ထားသည့်
ကွင်းဆင်းညှိနှိုင်း ဖြေရှင်းရေးအဖွဲ့တို့၏ တွေ့ဆုံ ဆွေးနွေးခဲ့သည့်အပေါ် ဒေသခံများမှ
ကျေနပ်မှု မရှိခြင်းဖြစ်ကြောင်း သိရသည်။
"ဒီနေ့ဟာ အဖြေကောင်းမယ်ပေါ့။ မနက်ဖြန်ကနေ စပြီး စိုက်လို့ရပြီပေါ့။
အဲလိုမျှော်လင့်ထားတာ။ အဲဒီလို ဖြစ်မလာတဲ့အခါကျတော့ ဘယ်လိုမှ ဝမ်းသာမှုမရှိဘူး။ အားရမှု
မရှိဘူး။ အခုဆိုရင် မျိုးစေ့တွေ ဝယ်ထားပြီးပြီ။ ဘာဆက်လုပ်ရတော့မလဲ၊ ဘာစိုက်ရမလဲ။ လမ်းအနောက်ဘက်က
အဓိက မြေပဲဆိုတော့ သေသေချာချာ ဆုံးဖြတ်တော့ မရဘူးပေါ့နော်။ ကျွန်တော်တို့ကလည်း အဖြေသိချင်တယ်ဗျာ။
မနက်ဖြန်ကနေ စပြီးတော့ လမ်းအနောက်ဘက်မှာ စိုက်စရာရှိတာ စိုက်မယ်" ဟု တောင်သူကိုယ်စား
ခွန်မောင်ထူးက မေလ ၂၂ ရက်တွင် ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ တွေ့ဆုံညှိနှိုင်းမှုနှင့် ပတ်သက်၍ တပ်မတော်ဘက်မှ တက်ရောက်လာသူ
တစ်ဦးကလည်း "တွေ့ဆုံ ဆွေးနွေးမှုရဲ့ ဆုံးဖြတ်ချက်ရလဒ်ကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကို
တင်ပြပြီး ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်မယ်"ဟု ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ မြေယာသိမ်းဆည်းမှုများသည် တိုင်းပြည်၏ ဂုဏ်သိက္ခာနှင့်
သက်ဆိုင်သည့်အတွက် အမြန်ဆုံး ဖြေရှင်း ဆောင်ရွက်ပေးသင့်ကြောင်း ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု
အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်နိုင်ကလည်း ၎င်း၏ အမြင်ကို ပြောဆိုခဲ့သည်။
.
မြေသိမ်းခံ တောင်သူများ၊ တပ်မတော်ဘက်က တာဝန်ရှိသူများနှင့် ရှမ်းပြည်နယ်အစိုးရက
တာဝန်ပေးအပ်ထားသည့် ကွင်းဆင်းညှိနှိုင်း ဖြေရှင်းရေးအဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးမှု
အပြီးတွင် လက်ရှိ အငြင်းပွားမှု ပြဿနာကို မဆုံးဖြတ်ရ သေးသည့် ကာလအတွင်း သိမ်းဆည်းခံ
မြေယာပေါ်တွင် တပ်မတော်ဘက်နှင့် တောင်သူများဘက်တို့မှ စိုက်ပျိုးခြင်း၊ ထွန်ယက်ခြင်းများ
မလုပ်ဆောင်ကြရန်အတွက် ဆုံးဖြတ်ခဲ့ကြသော်လည်း တောင်သူများဘက်မှ စားဝတ်နေရေး အတွက် မဖြစ်မနေ
စိုက်ပျိုးထွန်ယက်ရန် လိုခြင်းကြောင့် အဆိုပါ ဆုံးဖြတ်ချက်အား ကျေနပ်မှုမရှိခြင်း ဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ အငြင်းပွားမှု ဖြစ်ပေါ်နေသည့် မြေများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊
အမှတ်(၁) စစ်ဗျူဟာအဖွဲ့မှ ၁၉၉၆ ခုနှစ် ကတည်းက ရယူထားခြင်းဖြစ်ကြောင်း သိရသည်။
.