အစိုးရဝန်ထမ်းများအား ဇွန်လ ၁ ရက်မှ စတင်၍ အင်အားအပြည့်ဖြင့် ရုံးတက်ရက် ညွှန်ကြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, May 30, 2020

အစိုးရဝန်ထမ်းများအား ဇွန်လ ၁ ရက်မှ စတင်၍ အင်အားအပြည့်ဖြင့် ရုံးတက်ရက် ညွှန်ကြား


စုလှိုင်
.
မြန်မာနိုင်ငံအတွင်းရှိ အစိုးရ ဌာနဆိုင်ရာဝန်ထမ်းများအား ဇွန်လ ၁ ရက်မှ စတင်၍ အင်အားအပြည့်ဖြင့် ရုံးလုပ်ငန်း တာဝန်များ ပုံမှန်အတိုင်း ပြန်လည်ထမ်းဆောင်ရန် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီမှ ဝန်ကြီး ဌာန အားလုံးသို့ မေလ ၂၈ ရက်တွင် ညွှန်ကြားထားသည်ဟု သိရသည်။
.
 
.
နိုင်ငံအတွင်း COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မတ်လ ၂၅ ရက်က COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီမှ အစိုးရဌာနဆိုင်ရာဝန်ထမ်းများအား အင်အားလျှော့ချကာ ၅၀ ရာခိုင်နှုန်း ဖြင့် ရုံးလုပ်ငန်းများ ဆောင်ရွက်ရန် ညွှန်ကြားထားခဲ့ပြီး ယခု ဇွန်လ ၁ ရက်မှ စတင်၍ ပုံမှန်အင်အားအတိုင်း ပြန်လည် တာဝန်ထမ်းဆောင်ရန် ညွှန်ကြားလာခြင်းဖြစ်ကြောင်း သိရသည်။
.
“ဝန်ထမ်းအင်အား ၅၀ ရာခိုင်နှုန်း ဆိုတုန်းကလည်း ကျွန်တော်တို့ ဌာနတွေကတော့ မလျှော့ခဲ့ရပါဘူး။ နဂိုကတည်း ကမှ အင်အားက မပြည့်တော့ ရှိတဲ့လူတွေနဲ့ အကုန်လုံး ရုံးတက် အလုပ်လုပ်နေရတာပဲ။ မတက်ပြန်ရင်လည်း အလုပ် က မပြီးဘူးလေ။ အခု အပြည့် ပြန်တက်ရမယ်ဆိုတော့လည်း ဘာမှ မထူးပါဘူး” ဟု အစိုးရဝန်ထမ်းတစ်ဦးက ပြောသည်။
.
လက်ရှိတွင် COVID-19 ကူးစက်ရောဂါ အတိုင်းအတာ တစ်ရပ်အထိ ဆောင်ရွက်နိုင်ပြီဖြစ်သောကြောင့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များ အင်အားတစ်ဝက်စီဖြင့် ရုံးလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ဝန်ထမ်းများ အား မူလ အင်အားအတိုင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ထားသော စည်းကမ်း သတ်မှတ်ချက်များ နှင့် အညီ လုပ်ကိုင် ဆောင်ရွက်ရန် ညွန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် နေ့စဥ် ရုံးဆင်းရုံးတတ် ဆောင်ရွက်မည့် ဝန်ထမ်းများအနေဖြင့် ယာဉ်ပေါ်တွင် ကျန်းမာရေး နှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွန်ချက်များ နှင့် စည်းကမ်း သတ်မှတ်ချက်များ Social Distancing အတိုင်း လိုက်ပါ စီးနင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About