ထက်တိုင်းကျော်
.
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
(ကြည်း) ထံသို့ မေလ ၄ ရက်စွဲပါစာဖြင့် တပ်ရင်းတပ်ဖွဲ့မဲရုံများ လျာထားဆောင်ရွက်နိုင်ရေးနှင့်
တပ်မတော်သားများနှင့် အတူနေ မိသားစုဝင်များ၏ အခြေခံ မဲဆန္ဒရှင်စာရင်းများ ရရှိနိုင်ရေးအတွက်
မေတ္တာရပ်ခံစာ ပေးပို့ထားသည်ဟု သိရသည်။
.
.
အဆိုပါ မေတ္တာရပ်ခံစာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အနေဖြင့်
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ တွင် ဆောင်ရွက်ခဲ့သည့် တပ်ရင်းတပ်ဖွဲ့ မဲရုံများကို
အခြေခံ၍ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် တပ်ရင်းတပ်ဖွဲ့ မဲရုံနေရာများကို
လျာထားသတ်မှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲကို
ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ကျင်းပနိုင်ရန် ရည်ရွယ်၍ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများက
တပ်မတော်သားများနှင့် ယင်းတို့နှင့် အတူနေ အိမ်ထောင်စုဝင်းများ နေထိုင်ရာ တပ်ရင်းတပ်ဖွဲ့များအတွက်
မဲရုံနေရာ လျာထားသတ်မှတ်ရာတွင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊
မဲရုံကိုယ်စားလှယ်များ၊ အထူးကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများ
အလွယ်တကူ ဝင်ထွက် သွားလာနိုင်မည့် တပ်ရင်းတပ်ဖွဲ့၏ ပြင်ပ သင့်လျော်မည့် နေရာတွင် သတ်မှတ်
ထားရှိနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လျာထားစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊
သို့ဖြစ်၍ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာ တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများသည်
သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ နှင့်အညီ တပ်ရင်းတပ်ဖွဲ့များ၏
မဲရုံနေရာများကို သက်ဆိုင်ရာ တပ်မှူး များနှင့် ညှိနှိုင်း၍ သတ်မှတ်ခြင်း၊ အခြေခံ မဲဆန္ဒရှင်စာရင်းတွင်
ထည့်သွင်းပြုစုနိုင်ရေးအတွက် သက်ဆိုင်ရာ တပ်မှူးများ ထံမှ တပ်မတော်သားနှင့် အတူနေ အိမ်ထောင်စုဝင်များ၏
အမည်စာရင်း တောင်းခံခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲ
ကော်မရှင် အဖွဲ့ခွဲများက လာရောက်ညှိနှိုင်းသည့်အချိန်တွင် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်
ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များသို့ လိုအပ်သည်များ ညွှန်ကြား ဆောင်ရွက်ပေးနိုင်ပါရန်
မေတ္တာရပ်ခံပါသည်ဟု ဖော်ပြပါရှိသည်။
“ကျွန်မတို့ မြို့နယ်ကော်မရှင်ရုံးကို တာဝန်ရှိသူအဆင့်ဆင့်ကနေ ညွှန်ကြားချက်စာ
ရောက်လာမှ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များရဲ့ တပ်မှူးများနဲ့ ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်ပါတယ်”
ဟု ကျိုင်းတုံမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အရာရှိ ဒေါ်စုမွန်ကျော်က ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
(ကြည်း) သို့ ပေးပို့ထားသည့် မေတ္တာရပ်ခံစာနှင့် ပတ်သက်၍ တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ကျိုင်းတုံနှင့် လားရှိုး မြို့ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၊
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ကော်မရှင်အဖွဲ့ခွဲရုံးများ၊ ခရိုင် ရွေးကောက်ပွဲကော်မရှင်
အဖွဲ့ခွဲရုံးများသို့ အသိပေးအကြောင်းကြားစာများ ပေးပို့ထားသည်ဟု သိရသည်။
.
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ
အတွက် အခြေခံမဲဆန္ဒရှင် စာရင်း ပြုစုခြင်းလုပ်ငန်းများကို ၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့ပြီး
လစဉ် ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ခုနှစ်၊ မတ်လ၏ အခြေခံမဲဆန္ဒရှင်ဦးရေမှာ
၃၇၂၄၄၆၉၁ ဦး ဖြစ်သည်ဟု သိရသည်။
.