စုလှိုင်
.
ရှမ်းပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဇူလိုင်လတွင် ဖွင့်လှစ်ရန်
မသေချာသေးကြောင်း ရှမ်းပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။
.
.
"လက်ရှိတော့ အစီအစဥ်ဆွဲတုန်းပဲ ရှိသေးတယ်။ အတင်းအကြပ်ဖွင့်ရမယ်ဆိုတဲ့
သတ်မှတ်ချက် မရှိသေးပါဘူး။ တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဖြစ်တဲ့အတွက်ကြောင့်
အားလုံး အဆင်ပြေသွားပြီဆိုတဲ့အခါ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ညွန်ကြားချက်တွေနဲ့အညီ ကျောင်းဖွင့်နိုင်ရေးကို
စီမံဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ် ထိန်းချုပ်နိုင်တဲ့ အနေအထားမျိုးရှိမှ ဖွင့်ခွင့်ပြုမှာပါ”
ဟု ရှမ်းပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းမောင် က ကမ္ဘောဇတိုင်းသို့ ပြောသည်။
ထို့အပြင် သင်ရိုးသစ် Grade-4၊ Grade-7 နှင့် Grade-10 အတွက် ဆရာ/ဆရာမများကို
သင်ကြားပေးနိုင်ရန် အွန်လိုင်းမှ တစ်ဆင့် ဆောင်ရွက်ပေးနေပြီး လက်ရှိတွင် ဆရာ/ဆရာမအချို့
ဝင်ရောက်လေ့လာမှုများ ရှိနေကာ ပညာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သင်ရိုးသစ် စာအုပ်များ၊
ဆရာကိုင်စာအုပ်များကို ကြိုတင်လေ့လာနိုင်ရန် အွန်လိုင်း ပေါ်တွင် ဖြန့်ဝေထားကြောင်း
သိရသည်။
.
“နောက်ပိုင်းမှာ အားလုံး ပုံမှန်ကျောင်းဖွင့်လို့ ရပြီဆိုရင် အဲဒီသင်တန်းတွေကို
အွန်လိုင်းအပြင် face to face ကို သတ်မှတ် ထားတဲ့ ကျန်းမာရေး အတိုင်းအတာ အကွာအဝေး ထားပြီး
တော့ ခါတိုင်းလို ရက်တို သင်တန်း လုပ်ဖို့ အစီအစဉ် ဆွဲနေကြပါတယ် ”ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး
ဒေါက်တာမျိုးထွန်းက “ကျောင်းဖွင့် တဲ့အခါကျရင် Social Distancing ကို ဘယ်လို လုပ်မယ်ဆိုတာ
ပညာရေးညွှန်ချုပ် ပြောထားတာ ရှိပါတယ်။ တရားဝင် ကတော့ မထွက်လာသေးပါဘူး။ အောင်စာရင်းတွေက
ကျောင်းမဖွင့်ခင် အပြီးထွက်ပေးမယ်လို့ ပြောထားတာ ရှိတယ်။ ၁၀ တန်းရော၊ တခြားအတန်းတွေရော
ပုံမှန်အတိုင်း ဖွင့်ဖို့က မဖြစ်နိုင်သေးဘူး။ ဇူလိုင်လမှာ ဖြစ်နိုင်ပါတယ်” ဟု ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ်၌၂၀၁၉-၂၀၂၀ ပညာသင်နှစ်က အထက်တန်းကျောင်း၂၇၂ ကျောင်း၊
အထက်တန်းကျောင်း (ခွဲ) ၁၉၀ ကျောင်း၊ အလယ်တန်းကျောင်း ၂၈၁ ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)
၃၄၀ ကျောင်း၊ မူလတန်းလွန်ကျောင်း ၇၉၃ ကျောင်း၊ မူလတန်းကျောင်း ၃၈၀၂ ကျောင်း၊ မူလတန်းကျောင်း
(ခွဲ) ၇၀၁ ကျောင်း၊ တွဲဘက် မူလတန်းကျောင်း ၁၂ ကျောင်း ရှိပြီး စုစုပေါင်း ၆၃၉၁ ကျောင်း
ရှိကြောင်းကာ COVID-19 ကပ်ရောဂါ ဂယက်ကြောင့် ယင်းကျောင်းသား/ကျောင်းသူများ၏ ၂၀၁၉-၂၀၂၀
ပညာ သင်နှစ် အောင်စာရင်းများကို လက်ရှိအချိန်အထိ ထုတ်ပြန်ပေးနိုင်ခြင်း မရှိသေးကြောင်း
သိရသည်။
.