ရှမ်းသယံဇာတဝန်ကြီးမှ ရှမ်းတိုင်းရင်းသားများနှင့် လွှတ်တော်ကိုယ်စားလှယ်များအား တောင်းပန်စာ ပေးပို့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းသယံဇာတဝန်ကြီးမှ ရှမ်းတိုင်းရင်းသားများနှင့် လွှတ်တော်ကိုယ်စားလှယ်များအား တောင်းပန်စာ ပေးပို့


စုလှိုင်
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်က ၎င်း၏ လူမှုကွန်ရက်တွင် တိုင်းရင်းသားလူမျိုးများအကြား မုန်းတီးမှုနှင့် စိတ်ဝမ်းကွဲပြားစေနိုင်သည့် ရေးသားမှုများ ရေးသားဖော်ပြမိခဲ့သည့်အတွက် မေလ ၁၈ ရက်တွင် ရှမ်းတိုင်းရင်းသားများနှင့် လွှတ်တော် ကိုယ်စားလှယ်များအား တောင်းပန်စာ ပေးပို့ခဲ့သည်ဟု သိရသည်။ 
.
 
.
“သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က SNLD ကိုလည်း တောင်းပန်တယ်၊ လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း တောင်းပန်ထားပါတယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြည်နယ်ဝန်ကြီး ဒေါက်တာ ညီညီအောင်သည် ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်က လင်းခေးမြို့သို့ သွားရောက်စဉ် ၎င်း၏ လူမှုကွန်ရက် Facebook Page တွင် “လင်းခေးမှာ ရှမ်းခေါက်ဆွဲဆိုင် တစ်ချို့ရဲ့ ခေါက်ဆွဲ တစ်ပွဲ ရောင်းဈေးက ရှမ်းဆိုရင် ငါးရာ၊ ရှမ်း မဟုတ်တဲ့ သူတွေဆိုရင် ရှစ်ရာ ကျပ်ပါတဲ့၊ လူမျိုးရေး ဘာသာရေး ခွဲခြားခြင်း အစွန်းရောက်ခြင်း ဟာ လောကကို ပျက်စီးစေပါတယ်။ နိုင်ငံတကာမှာတော့ ရှက်စရာ ကိစ္စအဖြစ် ရှုမြင်ကြပါတယ်၊ နိုင်ငံတကာမှာ ဝင်ဆံ့ချင်ကြရင်တော့ ဆင်ခြင်ရဖို့ ရှိပါတယ်” ဟု ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။
.
ယင်းကဲ့သို့ ရေးသားဖော်ပြခဲ့မှုနှင့် ပတ်သက်၍ အရေးယူ အပြစ်ပေးနိုင်ရေးအတွက် လင်းခေးမြို့နယ်မှ ပြည်သူ့လွှ တ်တော်နှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၃ ဦးတို့က ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ ဧပြီလ ၁၂ ရက်က တိုင်ကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။
.
ဒေါက်တာညီညီအောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ် တစ်ဦးအဖြစ် နောင်ချိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်‌မြှောက်ခံရပြီး ရှမ်းပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats