ရှမ်းတောင်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုများအတွက် ရှမ်းအစိုးရ ထောက်ပံ့မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းတောင်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုများအတွက် ရှမ်းအစိုးရ ထောက်ပံ့မည်


မော်မော်
.
ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်း မေလ ၁၀ ရက်က တိုက်ခတ်ခဲ့သည့် မိုးသက်လေပြင်းကြောင့် ထိခိုက်ပျက်စီးခဲ့ သည့် လူနေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းများအတွက် ရှမ်းပြည်နယ်အစိုးရက ထောက်ပံ့မှုများ ပြုလုပ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
.
Photo - IPRD
 .
“ဘေးအန္တရာယ်ဖြစ်လာရင် ထောက်ပံ့သွားမှာပါ။ ဘယ်လောက်ထောက်ပံ့မယ်ဆိုတာကတော့ သူ့ပျက်စီးမှုအပေါ် မူတည်ပါတယ်။ စာသင်ကျောင်းကတော့ ပညာရေးဝန်ကြီးဌာနက လုပ်မှာပါ။ ဘုန်းတော်ကြီးကျောင်းကတော့ ထောက်ပံ့မှုထဲမှာ ပါပါတယ်။ အခုတော့ ဘေးစီမံ ညွှန်မှူးနဲ့အတူ နမ့်စန်ကို ထောက်ပံ့ဖို့ သွားနေပါတယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က ယနေ့ မေလ ၁၁ ရက်၊ နံနက်ပိုင်းတွင် ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပျက်စီးဆုံးရှုံးမှု အပေါ် မူတည်၍ နေအိမ်တစ်လုံး ပျက်စီးလျှင် ငွေကျပ် ၁ သိန်းနှင့် ထောက်ပံ့ပစ္စည်း၊ အမိုးလန်လျှင် ငွေကျပ် ၅ ထောင်မှ ၉ သောင်းအထိ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် နေအိမ် ၁ လုံး ပျက်စီးပြီး ၁၃၅ လုံး အမိုးလန်ခြင်း၊ မောက်မယ်မြို့နယ်တွင် လူနေအိမ် ၈ လုံး အမိုးလန်ပျက်စီးခြင်း၊ ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ထရံကွာ ပျက်စီးခြင်း၊ ဘုန်းတော်ကြီးကျောင်း အမိုးလန်ပျက်စီးခြင်း၊ ဆီဆိုင်မြို့နယ်တွင် လူနေအိမ် ၁၂ လုံးနှင့် ဂိုဒေါင် ၁၂ လုံး ပျက်စီးခြင်းတို့အပြင် အခြား ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats