ရန်ကုန်တိုင်းဒေသကြီးတွင်
COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၂ ဦး တွေ့ရှိကြောင်းနှင့်
ပြန်လည် သက်သာလာသူ ၂ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (မေလ ၁၇
ရက်) ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှု ဆိုင်ရာဌာနနှင့် ဆေးသုတေသနဦးစီးဌာနတို့မှ
စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၃၈၆ ခုအနက် ၂ ဦး၏ ဓါတ်ခွဲနမူနာတွင် COVID-19 ပိုး တွေ့ရခြင်း ဖြစ်ပြီး ယခင် အတည်ပြုလူနာအမှတ် (၁၄၆)နှင့်
(၁၅၆) တို့၏ ဓါတ်ခွဲနမူနာများတွင် ၂ ကြိမ်ဆက် COVID-19 ပိုး မတွေ့ရတော့ကြောင်း
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
အဆိုပါ အတည်ပြုလူနာအမှတ်
(၁၈၃)သည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်မှ အသက် ၅၇ နှစ်အရွယ် အမျိုးသား
ဖြစ်ပြီး ပြည်ပခရီးသွား ရာဇဝင် မရှိသည့်အပြင် ပိုးတွေ့လူနာများနှင့်လည်း ထိတွေ့မှု
မရှိသူ ဖြစ်ကာ လူနာအမှတ် (၁၈၄)သည် ပုဇွန်တောင်မြို့နယ်မှ အသက် ၄၁ နှစ်အရွယ်
အမျိုးသား ဖြစ်ပြီး ပိုးတွေ့လူနာများနှင့်လည်း ထိတွေ့မှု မရှိသော်လည်း ပြည်ပသို့
ခရီးသွားရာဇဝင် ရှိသူ ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင်
မတ်လ ၂၃ ရက်မှ ယနေ့ (မေလ ၁၇ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၈၄ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၉၇ ဦးမှာ
ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၇ ဦး ရှိကာ ၅ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း
သိရသည်။
.