COVID-19 နှင့် ပတ်သက်၍ ရှမ်းအစိုးရ ထုတ်ပြန်ထားသည့် အမိန့်များကို မေလကုန်ထိ သက်တမ်းတိုး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 နှင့် ပတ်သက်၍ ရှမ်းအစိုးရ ထုတ်ပြန်ထားသည့် အမိန့်များကို မေလကုန်ထိ သက်တမ်းတိုး


စုလှိုင်
.
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည့် ညွန်ကြားချက်များကို မေလကုန်ထိ သက်တမ်းတိုးမည် ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

“ မနေ့က ညွှန်ကြားချက်စာ ဝင်လာတာ ရှိတယ်။ မေလ ၃၁ ရက်အထိ အားလုံး တိုးရမယ်။ အခုထိတော့ စာ မထွက်ရသေးဘူး ၊ ညမထွက်ရ အမိန့်ကတော့ ထွက်ထားပြီးပြီ ။ သက်တမ်း တိုးဖို့က အခုမှ ထုတ်ပြန်ဖို့ စီစဉ်နေပါတယ်။”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
COVID-19 ကပ်ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် တောင်ကြီးမြို့ အပါအဝင် ရှမ်းပြည်နယ် အတွင်းရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ၊ ဈေးများ၊ ကေတီဗီများ၊ ကလပ်များ၊ အဝေးပြေး ယာဉ်လိုင်းများ စသည့် လုပ်ငန်းများကို မေလ ၁၅ ရက်အထိ ရပ်နားထားရန် ရှမ်းပြည်နယ်အစိုးရက ညွှန်ကြားထားပြီးနောက် ယခုတွင် မေလ ၃၁ ရက်ထိ ယင်းညွှန်ကြားချက်များအား သက်တမ်းတိုး ထုတ်ပြန်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။
.

“ အခု အခြေအနေကတော့ မြင်တွေ့ နေရတဲ့အတိုင်းပါပဲ။ အားလုံးက ပုံမှန်အတိုင်း ပြန် ဖြစ်သွားပြီ။ သွားလာ လှုပ်ရှားနေကြတာတွေကလည်း COVID မရှိတော့ သလိုမျိုးပဲ။ ဒါကလည်း လူထုရဲ့ စားဝတ်နေရေး အခြေအနေအရပေါ့။ ဒါပေမဲ့ ညွှန်ကြားချက်တွေ ထုတ်ပြီး မြေပြင်မှာ ဘာမှ မလုပ်ဘဲ တာဝန်ကျေ လုပ်နေတဲ့ ကိစ္စကိုတော့ မြင်ရတာ စိတ် မကောင်းပါဘူး။ တကယ် လုပ်နေတာ Volunteer တွေပဲ မြင်တော့တယ်။” ဟု တောင်ကြီး ဒေသခံ တစ်ဦးက ၎င်း၏ အမြင်ကို ပြောသည်။
.
COVID-19 ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို ဆက်လက် ထိန်းချုပ်ရန် လိုအပ်သဖြင့် ထုတ်ပြန်ထားသော အမိန့်၊ အမိန့်ကြော်ငြာစာ၊ ပြည်သူသို့ ပန်ကြားချက်၊ ညွှန်ကြားချက်များ (ဖြေလျော့ပေးရန် လမ်းညွှန်ထားသော ကိစ္စရပ်များ မပါ) အား မေလ ၃၁ ရက်ထိ တိုးမြှင့် သတ်မှတ် ဆောင်ရွက်ရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ မေလ ၁၃ ရက်တွင် ညွှန်ကြားချက် ထုတ်ပြန်ထားသည်။
.

Journal Download

Photo of three cats