ရှမ်းရှေ့မှ COVID-19 လူနာ ၂ ဦး၏ ဓါတ်ခွဲအဖြေတွင် ပိုး မတွေ့ရတော့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းရှေ့မှ COVID-19 လူနာ ၂ ဦး၏ ဓါတ်ခွဲအဖြေတွင် ပိုး မတွေ့ရတော့

နန်းနန်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေသည့် COVID-19 လူနာ ၃ ဦးအနက် ၂ ဦး၏ ဓါတ်ခွဲအဖြေများတွင် COVID-19 ပိုး မတွေ့ရတော့ကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။
.
ယင်း COVID-19 ပိုး မတွေ့ရတော့သည့် လူနာများမှာ လူနာအမှတ်(၆၄)ဖြစ်သည့် မိုင်းဖြတ်မြို့မှ အသက် ၂၃ နှစ်အရွယ် အမျိုးသားနှင့် လူနာအမှတ် (၉၆)ဖြစ်သည့် တာချီလိတ်မြို့မှ အသက် ၄၃ နှစ်အရွယ် အမျိုးသားတို့ ဖြစ်ကာ ၎င်းတို့၏ ဓါတ်ခွဲနမူနာများ၌ ပထမအကြိမ်အဖြစ် ပိုး မတွေ့ရတော့ခြင်း ဖြစ်ကြောင်း သိရသည်။
.

လူနာအမှတ် ၆၄ ဆိုရင် ဒုတိယအကြိမ် စစ်တုန်းက ပိုး တွေ့တယ်၊ အခု တတိယအကြိမ်မှာ ပိုး မတွေ့ဘူး၊ အခု သူ့ကို စတုတ္ထအကြိမ် ဓါတ်ခွဲနမူနာ ဒီနေ့ ပို့ထားတယ်။ လူနာအမှတ် ၉၆ ဆိုရင် ဒုတိယအကြိမ်မှာ ကတည်းက ပိုး မတွေ့တော့ဘူး၊ သူ့ရဲ့ ဓါတ်ခွဲနမူနာကိုလည်း ဒီနေ့ ပို့ထားတယ်။ လူနာအမှတ် ၁၁၂ ကတော့ ဒုတိယအကြိမ် စစ်တာမှာလည်း ပိုး တွေ့နေတုန်းပဲ၊ ဒီနေ့ ဓါတ်ခွဲနမူနာ ယူပြီး ပို့ထားတယ်။” ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ ဘစိုးသက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ လူနာများ၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်နေလျက် ရှိပြီး၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ကြပ်ခြင်းများလည်း မရှိဘဲ သီးသန့်ကုသဆောင်၌ ဆေးကုသမှု ခံယူနေလျက်ရှိသည်ဟုလည်း ဒေါက်တာ ဘစိုးသက် ထံမှ သိရသည်။
.
မြန်မာနိုင်ငံရှိ COVID-19 ပိုးတွေ့အတည်ပြုလူနာ ၁၅၅ ဦးအနက် ရှမ်းပြည်နယ်မှ လူနာ ၇ ဦး ပါဝင်ပြီး ယင်းတို့အနက် စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှုခံယူခဲ့သည့် တောင်ကြီးမြို့မှ လူနာအမှတ်(၂၉)နှင့် လားရှိုးဆေးရုံ၌ ဆေးကုသမှု ခံယူခဲ့သည့် လူနာအမှတ်(၁၄)တို့၏ ဓါတ်ခွဲနမူနာများတွင် ၂ ကြိမ်ဆက်တိုက် ပိုး မတွေ့ရတော့သဖြင့် ဆေးရုံမှ ဆင်းခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats