COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ရှမ်းပြည်နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများအား ကွင်းဆင်းစစ်ဆေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ရှမ်းပြည်နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများအား ကွင်းဆင်းစစ်ဆေး


နန်းဝင်းရီ
.
COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရှမ်းပြည်နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းအဖွဲ့များသည် ဧပြီလ ၂၄ ရက်နေ့မှ မေလ ၃ ရက်အထိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
.
Photo - Shan State Health Department
.
“COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ဖို့အတွက် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်၊ အကြံပြုချက်နဲ့အညီ လိုက်နာဆောင်ရွက်ပြီးမှသာ ဖွင့်ဖို့ စစ်ဆေးတာ ဖြစ်ပါတယ်။ ကျွန်မတို့ သွားစစ်ဆေးတဲ့အခါ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လုပ်ငန်းခွင် ပတ်ဝန်းကျင် ကျန်းမာရေးဌာနခွဲကနေ  ပြုစုထားတဲ့ Check List တွေအတိုင်း စစ်ဆေးပါတယ်။ ကိုက်ညီမှု မရှိရင် ပြင်ဆင်ဖို့ လိုအပ်ချက်တွေကို လမ်းညွှန်ခဲ့ပါတယ်” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ နန်းဆိုင်ဇင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
စစ်ဆေးမှုတွင် အမှတ် ၁၀ မှတ် ပေးကာ အားလုံး ကိုက်ညီပါက အဆင့် (A)၊ ၅ မှတ်မှ ၈ မှတ်အတွင်း ရရှိပါက အဆင့် (B) နှင့် ၅ မှတ်အောက် ရရှိပါက အဆင့် (C) ဟု သတ်မှတ်ပြီး A အဆင့် ရရှိပါက လုပ်ငန်း လည်ပတ်ရန် သင့်တော်ကြောင်း မှတ်ချက်ပေးပြီး အဆင့် B ရရှိပါက လိုအပ်သည့် အကြံပြုချက်များကို လမ်းညွှန်မှာကြား ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ကွင်းဆင်းစစ်ဆေးမှုကို ဧပြီလ ၂၄ ရက်နေ့မှ မေလ ၃ ရက်နေ့အထိ တောင်ကြီး၊ အေးသာယာ၊ ဟိုပုံး၊ ကလော၊ အောင်ပန်းမြို့များရှိ စက်ရုံအလုပ်ရုံ အလုပ်ဌာနများသို့ တောင်ကြီးခရိုင်ပူးပေါင်းအဖွဲ့မှ လည်းကောင်း၊ လွိုင်လင်မြို့ရှိ စက်ရုံ အလုပ်ရုံ အလုပ်ဌာနများသို့ လွိုင်လင်ခရိုင် ပူးပေါင်းအဖွဲ့မှ လည်းကောင်း ကွင်းဆင်း စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထိုကဲ့သို့စစ်ဆေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စက်ရုံအလုပ်ရုံများကို စစ်ဆေးရမည့် စာရင်းတွင်ပါဝင်သော အချက်များအတိုင်း စက်ရုံအလုပ်ရုံ အလုပ်ဌာနပေါင်း ၉၅ ခုကို ကွင်းဆင်းစစ်ဆေးနိုင်ခဲ့ပြီး လိုအပ်သည့် အကြံပြုချက်များ မှာကြားခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats