ရှမ်းပြည်နယ်အတွင်းရှိ COVID-19 အတည်ပြုလူနာများအားလုံး ကျန်းမာရေး ကောင်းမွန်လျက်ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်အတွင်းရှိ COVID-19 အတည်ပြုလူနာများအားလုံး ကျန်းမာရေး ကောင်းမွန်လျက်ရှိ


စုလှိုင်
.
ရှမ်းပြည်နယ်အတွင်းရှိ ဆေးရုံအသီးသီးတွင် တက်ရောက်ဆေးကုသမှု ခံယူနေသော COVID-19 အတည်ပြုလူနာ များ၏ ကျန်းမာရေး အခြေအနေသည် ကောင်းမွန်လျက် ရှိကြောင်း သိရသည်။ 
.
 .
"အားလုံးကျန်းကျန်းမာမာပဲ။ အဖျားလည်း မရှိဘူး။ သွေးထဲမှာ ရှိတဲ့ အောက်စီဂျင်ဓာတ်ရော၊ သွေးပေါင်ချိန်ရော အားလုံးကောင်းပါတယ်။ ဓါတ်ခွဲအဖြေကတော့ ၂ ခါဆက်တိုက် Negative မဖြစ်သေးပါဘူး။ ဖြစ်မှ ဆေးရုံက သတ်မှတ်ကာလ စောင့်ကြည့်ထားပြီးမှ ပေးဆင်းရမှာပါ” ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်နယ်ပြည်သူ့ ကျန်းမားရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
ထို့အတူ ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွန့် ကလည်း “မူဆယ်က Case-143 က ကျန်းမာရေး ကောင်းနေပါတယ်။ သူ့ရဲ့ ဓါတ်ခွဲအဖြေကလည်း မနေ့က ထွက်တာ ပထမ အကြိမ် Negative ဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။
.
အလားတူ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံတွင် တက်ရောက်ဆေးဝါးကုသမှု ခံယူနေသည့် လူနာအမှတ် (၁၂၁) သည်လည်း ကျန်းမာရေး ကောင်းမွန်နေပြီး ၎င်း၏ ဓါတ်ခွဲအဖြေများကို ယနေ့ မေလ ၇ ရက်တွင် အမျိုးသားဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့သွားရန် ရှိနေကြောင်း ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒေါက်တာနှင်းအိဖြူထံက သိရသည်။
.
ရှမ်းပြည်နယ်အတွင်း COVID-19 အတည်ပြုလူနာ ၇ ဦး ရှိပြီး ၎င်းတို့အနက် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူခဲ့သည့် လူနာအမှတ် (၂၉) နှင့် လားရှိုးဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူခဲ့သည့် လူနာအမှတ် (၁၄) တို့မှာ ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကာ စဝ်စံထွန်းဆေးရုံတွင် လူနာအမှတ် (၁၂၁)၊ ကျိုင်းတုံဆေးရုံတွင် လူနာအမှတ် (၆၄)၊ (၉၆) နှင့် (၁၁၂)၊ မူဆယ်ဆေးရုံတွင် လူနာအမှတ် (၁၄၃) တို့ တက်ရောက်ဆေးကုသမှု ခံယူနေခြင်း ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats