တောင်ကြီးနှင့် လားရှိုးတွင် COVID -19 ရောဂါပိုး စစ်ဆေးနိုင်သည့် ဓာတ်ခွဲစက်များ ထားရှိမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, May 25, 2020

တောင်ကြီးနှင့် လားရှိုးတွင် COVID -19 ရောဂါပိုး စစ်ဆေးနိုင်သည့် ဓာတ်ခွဲစက်များ ထားရှိမည်


စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့တော် လားရှိုးတို့တွင် COVID-19 ရောဂါပိုး ရှိမရှိ စစ်ဆေးနိုင်သည့် ဓါတ်ခွဲစက်များ ထားရှိသွားရန် ပြင်ဆင်ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
.
 
.
“စက်ကတော့ မရောက်သေးဘူး။ မကြာခင်ရောက်လာတော့မှာပါ။ တောင်ကြီးကတော့ ဓာတ်ခွဲစက်ကို နဂိုက တီဘီ ဌာနမှာ လျာထားတာပေါ့။ တကယ်တမ်း ဒီစက်ကြီးကို ထားဖို့ အဆောက်အဦ အကျယ်အဝန်း မရှိဘူး။ အသစ် ဆောက်ထားတဲ့ စဝ်စံထွန်း ဆေးရုံရဲ့ ၅ ထပ်ဆောင် အောက်ထပ်မှာ ဓာတ်ခွဲခန်း အတွက် နေရာ လျာထားတာ အဆင်ပြေတယ်။ အခန်း ပြင်ဆင်ဖွဲ့စည်းမှုကို ပြန်လုပ်ရမှာပေါ့” ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းက ကမ္ဘေဇတိုင်း သို့ ပြောသည်။
.
အဆိုပါ ဓါတ်ခွဲစက် ထားရှိနိုင်ရေးအတွက် ငွေကျပ် သန်းပေါင်း ၁၂၀၀ ခန့် ကုန်ကျမည် ဖြစ်ပြီး ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန သို့ ဘတ်ဂျက်တောင်းခံရန် ခက်ခဲသည့် အတွက် လွန်ခဲ့သည့် တစ်ပတ် ကျော် က ပြုလုပ်သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးတွင် တင်ပြခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ မှ သဘောတူခဲ့ပြီးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
"သဘောတူပြီဆိုတော့ ဒီတစ်ရက် နှစ်ရက် အတွင်းမှာ စပြီး ပြင်မှာပါ။ ပုံမှန်အားဖြင့် နှစ်ပတ်အတွင်း လို့ ပြောပေမဲ့လည်း ရက်အတိအကျ က ပြောဖို့ခက်တယ်။ မကြာပါဘူး ။ ရန်ကုန်မှာ သင်တန်း သွားတတ်ပြီးပြီ။ ဓာတ်ခွဲတဲ့ ဝန်ထမ်းတွေက အဆင်သင့်ရှိတယ် အလားတူ လားရှိုး မှာလည်း ဒီစက် ရမယ် အပိုလျာထားတာပေါ့။ လားရှိုး ဆေးရုံကြီးက ဆရာဝန်တွေကလည်း ဓာတ်ခွဲ သင်တန်း ရန်ကုန်မှာ သွားတက်နေပြီ။ သူတို့လည်း ပြင်နေပြီ” ဟု ဒေါက်တာ မျိုးထွန်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ထို့အတူ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံမှ ဒေါက်တာ ဝင်းနိုင်ကလည်း "လောလောဆယ်တော့ သင်တန်း သွားတက်နေတာ အကြီးပိုင်းတွေပေါ့။ အထူးကု ဆရာဝန်ကြီး ၁ ယောက် နဲ့ ကျွမ်းကျင် ဝန်ထမ်း ၃ ယောက် သင်တန်း သွားနေတယ်။ သူတို့ကနေလည်း တစ်ဆင့် သင်ပေးလို့ ရတာပေါ့။ အင်အား ဘယ်လောက်ဆိုတာက စက်ပေါ်မူတည် ပြီးတော့ ထပ်ပြီးတော့ စဥ်းစား ရမှာပေါ့။ စက်ထားဖို့ နေရာ က ၅ ထပ် ဆောင်နေရာမှာ ဓာတ်ခွဲ ခန်းပါတယ်။ အဲဒီ ဓာတ်ခွဲခန်းကို နည်းနည်းလေး ထပ်ပြီး ပြုပြင် ရမှာပေါ့။ အခု ရှမ်းပြည်နယ် အစိုးရကလည်း လုပ်ပေးမယ် ” ဟု ပြောဆိုခဲ့သည်။
.
လက်ရှိ မြန်မာနိုင်ငံတွင် COVID-19 ဓါတ်ခွဲနမူနာများကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန အမျိုးသားဓာတ်ခွဲမှုဌာန (NHL) နှင့် ဆေးသုတေသနဦးစီးဌာန တို့မှ ဓါတ်ခွဲစစ်ဆေးပေးနေခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About